
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းကို အဓိက ထား၍ စိုက်ပျိုးကြပြီး ယခုအခါတွင် စားသုံးဆီဖူလှုံရန်အတွက် နေကြာကိုစိုက်ပျိုးကြပါသည်။ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မြေပဲမှာ မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ (၂)မျိုး ကိုစိုက်ပျိုးကြောင်း သိရပါသည်။ မိုးမြေပဲကို မေလနှင့် ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင်ရိတ်သိမ်းပါသည်။ ဆောင်းမြေပဲကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့တွင် ရိတ်သိမ်းပါသည်။
မြေပဲကို အဓိကစားသုံးမှုမှာ ဆီကြိတ်ခွဲ၍ စားသုံးကြသဖြင့် လူကြိုက်များသည့် ဆီဖြစ်ပါ သည်။ ထိုအပြင် အခြားမုန့်ပဲသရေစာများ ပြုလုပ်၍ဖြစ်စေ၊ မြေပဲလှော်၊ မြေပဲကြော်နှင့် မြေပဲယိုများ လည်းပြုလုပ်၍ စားသုံးကြသဖြင့် ပြည်တွင်းစားသုံးမှုတွင်အရေးပါသော သီးနှံဖြစ်ပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ စပိန်မျိုး၊ ရေဆင်းမျိုး၊ တွန်တာနီ၊ ဆင်းပဒေသာ၊ မကွေးပင်ပြန့်မျိုးနှင့် မကွေးမျိုးတို့ဖြစ်ပါသည်။ မျိုးရွေးချယ်ရာတွင် အပင်ပေါက် ၈၀ရာခိုင်နှုန်း အထက်ရှိသော မြေပဲမျိုးကို ရွေးချယ်၍ စိုက်ပျိုးသင့်ပါသည်။ မြေပဲစိုက်ပျိုးမှုမှာ တစ်ဧကလျှင် မျိုး(၆)တင်းနှုန်း ကုန်ကျသည်ဟု သိရပြီး ပြည်ခရိုင်အနေဖြင့် မိုးမြေပဲစိုက်ပျိုးဧကမှာ ၄၁၃၀၀ဧက စိုက်ပျိုးကြောင်း သိရပါသည်။ စိုက်ပျိုးသည့် မြေအမျိုအစားမှာ နုန်းမြေ၊ သဲနုန်းမြေတို့တွင် စိုက်ပျိုးရန် အသင့်တော် ဆုံးဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးမြေပဲတစ်ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် ၅၆၅၀၀၀ကျပ် ကျော်ကုန်ကျပြီး မြေပဲတောင့်ဈေးမှာ တစ်တင်းလျှင် ၁၈၀၀၀ကျပ် ဈေးရှိ၍ တစ်ဧကဝင်ငွေမှာ ၁၁သိန်းကျော်ရရှိပြီး တောင်သူအကျိုးအမြတ်အနေဖြင့် (၆)သိန်းကျော် ရရှိသည်ဟုသိရပါသည်။ မြေပဲများနှုတ်သိမ်း ချိန်တွင် အလေအလွင့်မရှိအောင် ဂရုစိုက်ရပြီး နှုတ်သိမ်းချိန် နောက်ကျပါက မြေပဲနှုတ်ရခက်ပြီး အတောင့်များပြုတ်ကျန်မည်ဖြစ်ပါသည်။ နှုတ်သိမ်းချိန်စောပါကလည်း အတောင့်ထဲတွင် ရေများ ဝင်၍ နေကြာကြာလှန်းရသဖြင့် ဆီထွက် နှုန်းနည်းမည်ဖြစ်ပါသည်။ ထွက်ရှိလာသော မြေပဲတောင့်များကို ၄ရက် ၅ရက်ခန့် နေလှန်း အခြောက်ခံပြီး ခွဲ၍ ထွက်ရှိလာသော မြေပဲဆန်များကို ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ဒေသတွင်း စားသုံးကြသလို ရန်ကုန်၊ မန္တလေးသို့ တင်ပို့ ရောင်းချကြပါသည်။ ယခုမေလကုန်ပတ်တွင် မြေပဲဆန်ဈေးနှုန်းများအနေဖြင့် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၈၈၀၀ကျပ်၊ ဆီဆန်(အနီ) တစ်ပိဿာလျှင် ၈၅၀၀ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ လုံးဆန် (အနီ)တစ်ပိဿာလျှင် ၉၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
မြေပဲစိုက်ပျိုးသူတောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးပြီး အထွက်နှုန်းပိုမိုထွက်ရှိ၍ ဈေးကောင်းများရရှိမည်ဆိုလျှင် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။
DOCA(ပဲခူး)