ပြည်မြို့၏မျှစ်ဈေးကွက်

Powered by Drupal

      ယခုလိုမိုးရာသီအချိန်တွင် တောထဲ၊ တောင်ထဲ၌ မျှစ်ခေါ် ဝါးစို့ပေါက်များ ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့အနီးတဝိုက်ရှိ ဝါးတောရှိသောကျေးရွာများတွင် မျှစ်စို့ပေါက်များ ထွက်ပေါ်လာ၍ ပြည်မြို့ရှိစျေးများသို့ လာ‌ရောက်ရောင်းချလျက်ရှိပါသည်။ မျှစ်ကို ချက်ခြင်းချိုး၍ မျှစ်စပ်၊မျှစ်ပြုတ် စားသုံးနိုင်သကဲ့သို့ တာရှည်ခံ‌အောင် မျှစ်ချဥ်၊မျှစ်ခြောက်များပြု၍လည်း စားသုံးကြ ပါသည်။ ပေါ်ခါစတွင် လူအချို့က၀ယ်ယူစားသုံးကြသဖြင့် စျေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ နောက်ပိုင်းမျှစ်များအထွက် လှိုင်လာချိန်တွင် စျေးများပေါလာသဖြင့် လူတန်းစား မရွေးဝယ်ယူ စားသုံးကြပါသည်။ ဝါးအမျိုးမျိုးရှိသလို မျှစ်အမျိုးမျိုးလည်းရှိပြီး စားသုံးနိုင်သောမျှစ်မှာ အနည်းငယ်သာရှိပြီး ဝါးပိုးမျှစ်ကို အဓိကထား၍ စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြပါသည်။ ဝါးပိုးမျှစ်ကိုနှစ်စဉ် မိုးရာသီဖြစ်သော ဇူလိုင်လမှစ၍ စက်တင်ဘာလအထိ ထွက်ပေါ်လျက်ရှိပြီး ယခုပြည်ဈေးကွက်သို့ မေလလယ်နှင့် နောက်ဆုံးပတ်မှစ၍ မျှစ်စပ်နှင့် မျှစ်ချိုများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ မျှစ်သည်လူသားအကျိုးပြုရုံသာမက ဘက်စုံအသုံးပြု၍ရကာ လူများအတွက် အိုးအိမ်အဆောက်အဦ များဖန်တီးပေးရုံသာမကဘဲ မိသားစုစားသုံးရန် ဖူလှုံဖို့အတွက် သဘာဝက ဖန်တီးပေးထားသော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။ မျှစ်တွင် အာဟာရဓါတ်များစွာပါဝင်၍ အမျိုးမျိုးလုပ်၍ စားသုံးနိုင်ပြီး ငပိရည်နှင့်တို့စားတာ၊ ကြော်စားတာ၊ သုတ်စားတာတို့ပြုလုပ်ကြသလို မျှစ်ချဉ်ကိုလည်း ဝက်သား၊ ကြက်သား၊ ငါးတို့နှင့်ရော၍ အရည်သောက်ချက်စားကြသလို မျှစ်ခြောက်ကိုအခြောက်လှန်းပြီး စားချင်မှရေနွေးနှင့်ဖျော၍ သုတ်စားကြပါသည်။

    ပြည်ဈေးကွက်သို့ ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ပျဉ်းပင်ကိုင်းရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိကျေးရွာများမှ မျှစ်များချိုးယူ၍ ရောင်းချကြပါသည်။ မျှစ်၏သဘာဝအရောင်မှာ အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကိုပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင်ဖြစ်ပြီး စားသုံးသူများအနေဖြင့် သဘာဝအရောင်ကိုရွေးခြယ်၍ ဝယ်ယူသုံးစွဲသင့်ပါသည်။ ရောင်းချသူများအနေဖြင့်လည်းမျှစ်ကို ရောင်းတန်းဝင်အောင် သဘာဝအရောင်မဟုတ်ဘဲ ဓါတုဆိုးဆေးများကိုအသုံးမပြုဘဲ ရောင်းချလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝဖြစ်မှာပဲဖြစ်ပါသည်။ ယခုအချိန်တွင် ဈေးကွက်အတွင်းရောင်းချနေသော မျှစ်အမျိုးအစားများမှာ မျှစ်စပ်နှင့်မျှစ်ချိုများ ဖြစ်ပါသည်။ မျှစ်စပ်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှင့် မျှစ်ချိုမှာ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ယခုမေလနောက်ဆုံးပတ်တွင် ပြည်မြို့ရှိဈေးများတွင် ရောင်းချလျက်ရှိပါသည်။

DOCA(ပဲခူး)