ပေါ်ဦးပေါ်ဖျားရာသီပေါ်ဈေးကောင်းရနေတဲ့အင်ဥ

Powered by Drupal

    အင်ဥဆိုတာ အင်ပင်တွေရဲ့အောက်မှာ အင်ပင်အမြစ်တွေနဲ့ ဆက်စပ်နေတဲ့ မှိုတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။ အင်ပင်အောက်ခြေအနီးအနားမှာပေါက်တဲ့ မှိုတစ်မျိုးဟုလည်း အလွယ်ခေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမတစ်ကြော အင်တိုင်းမြေများတွင် မိုးဦးကာလ မေ၊ ဇွန်လများတွင် အင်ဥများ ပေါများစွာ တွေ့ရတတ်ပါသည်။ တစ်နှစ်ပတ်လုံးတွင် (၁) ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျ မသိ နိုင်ဘဲ ယေဘူယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။

     အင်ဥတူးသူများမှာ မြေကြီးထဲရှိ အင်ဥများကို ဝါးပြားနှင့် ကလော်ယူကြပြီး ရရှိလာသော အင်ဥများကို စုဆောင်း၍ (၂)နာရီခန့်ကြာအောင် ရေစိမ်ထားပြီးမှ ဆေးကြောသန့်စင်ပါက ပိုမိုလွယ်ကူကြောင်း သိရပါသည်။ တူး၍ရရှိလာသောအင်ဥကို နေ့မကူးခင် ချက်ပြုတ်စားသုံးရပြီး နေ့ကူးသွားပါက ရင့်သွား၍ သိပ်စားမကောင်းသဖြင့် အဆိပ်အတောက်ပြေစေရန်အတွက် ကန်စွန်းရွက်အနီနှင့် ရော၍ချက်စားကြပါသည်။

      အင်ဥနှင့် သစ်ယာဥများ ဆင်တူကြသော်လည်း များစွာကွဲပြားကြပါသည်။ အင်ဥမှာ အခွံ အမဲ (သို့) အညိုရောင်ရှိကြပြီး ရေဆေးရ အရမ်းခက်လောက်အောင် မြေကြီးသား မကပ်ကြပါ။ အင်ဥ လုံးလေးတွေကို ရေနဲ့သေချာပွတ်ဆေးလျှင်လည်း အလုံးလေးတွေ မကွဲတတ်ကြပါ။ သို့သော် သစ်ယာဥမှာ သဲအမဲရောင်အများကြီး ထူပစ်နေအောင် ကပ်နေသောကြောင့် ရေအများကြီးဆေးရပြီး အခွံကျွတ် ဆတ်ဆတ်နဲ့မို့ ရေဆေးလို့ လက်နဲ့ ကွဲထွက်သွားပြီး အရသာလည်း အင်ဥလောက် စားမကောင်းကြောင်း သိရပါသည်။ အင်ဥမှာ မှိုမျိုးနွယ်ဝင်မြေအောင်း မှိုတစ်မျိုးဖြစ်သောကြောင့် မှိုများကဲ့သို့ပင် ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓါတ်များ ပါဝင်ပါသည်။  မှိုနှင့် ဓါတ်မတည့်သူများအနေဖြင့် အင်ဥကို ဆင်ခြင်စားသုံးသင့်ပြီး သွေးတိုးရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါရှိသူနှင့် အဆစ် အမြစ်နာကျင်ကိုက်ခဲတတ်သူများအနေနှင့်လည်း ချင့်ချိန်စားသုံးသင့်ပါသည်။ အင်ဥကို တညင်းသီး၊ ပီလော ပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ မျောက်ငိုသီး၊ ကဏန်း၊ ဖားသား၊ မျှစ်ချဉ်၊ ပုစွန်ချဉ်၊ ငါးချဉ်၊ ဒူးရင်သီး၊ ဆူးပုပ်၊ ပဲငါးပိတို့နှင့် တွဲဖက်မစားသင့်ပါ။ အစာအဆိပ်သင့်၍ မူးဝေအော့အန်၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်းများ ဖြစ်တတ်ပါသည်။ အရသာရှိလှသော အင်ဥကို ဒေသခံများမှာ အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသက်သက်လွတ်ဟင်း၊ အင်ဥသုပ်၊ အင်ဥမျှစ်ဆူးပုတ်ချက်တောဟင်းချို၊ အင်ဥငပိရည်ချက် စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။ အင်ဥကို အရင်ဆုံး ရေစိမ်ထားရပြီးနောက် ရေနှင့် (၄-၅)ကြိမ် ဇကာနဲ့တိုက်၍ ပြောင်စင်အောင် အင်ဥ(၁)လုံးချင်းစီကို သေချာဆေးရပါမည်။ သို့မှသာ အင်ဥတွင် ကပ်နေသော မြေကြီးများ ပြောင်စင်မည်ဖြစ်သည်။ ရေဆေးထားသော အင်ဥကို ထက်ခြမ်းခွဲပြီး ရေနွေနဲ့ ထပ်ပြုတ်ကာ ရေစစ်ထားရပါမည်။ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ရောထောင်းထားရပါမည်။ ပြီးနောက် ရေစစ်ထားသော အင်ဥကို အရသာမှုန့်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးထောင်းတို့ဖြင့် ရောနယ်ပေးရ ပါသည်။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာပြီဆိုပါက စောနက အဆာပလာတွေနဲ့ ရောနယ်ထားတဲ့ အင်ဥကို ထည့်ရပါမည်။ ရေ(၂)ကြိမ်၊ (၃)ကြိမ် ခမ်းသည်အထိ တည်ပြီးပါက အရသာရှိလှတဲ့ မိုးရာသီစာ အင်ဥ ဟင်းလေး ကျက်ပါပြီ။ ဟင်းအိုးချခါနီးမှာ ပန်းငရုတ်ပွတောင့်ကို ခွဲပြီးထည့်ချက်လို့ရသလို ငပိကြိုက် ပါကလည်း ဆီသတ်သည့်အချိန်အနည်းငယ်ထည့်လို့ ရပါတယ်။ အဖိုးနည်းပြီး ခံတွင်းမြိန်စရာ အင်ဥ ဟင်းတစ်မည်ဖြစ်ပါသည်။

     ထိုကဲ့သို့ အရသာရှိလှပြီး (၁)နှစ်မှာ (၁)ကြိမ်သာပေါ်သော ရာသီစာအင်ဥကို ယခုမေလစတုတ္ထပတ်တွင် အင်ဥနို့ဆီဗူးတစ်ဗူးလျှင် ကျပ် (၄၅၀၀) ကျပ်ပေးရပြီး ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။  

DOCA(ပဲခူး)