စားသုံး ပိုလျှံ ငါးမွေးကန်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်တွင် ၁၉၈၀ ခုနှစ်ခန့်လောက်ကစ တင်၍ ငါး၊ ပုဇွန်မွေးမြူရေး လုပ်ကိုင်ရန် ကန်တစ်ရာ စီမံကိန်း အဖြစ် စတင်လုပ်ကိုင်ခဲ့ပါသည်။ လက်ပံတန်း မြို့နယ်သည် ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး မြစ်မခမြစ်ရေများ ဖြတ်သန်းစီးဆင်း နေပါသည်။ မြစ်မခမြစ် ပတ်ဝန်းကျင် ကျေးရွာများတွင် ရေကြီးရေလျံ ရေနက်ကွင်းများ ဖြစ်ပေါ်လျက် ရှိပါသည်။

          ကန်တစ်ရာစီမံကိန်းကို အစပြုပြီး ငါးမွေးမြူရေးလုပ်ငန်းများကို အမြောက်အများ လုပ်ကိုင် လျှက်ရှိပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးကန်ဧရိယာပေါင်း ၄၈၃၄.၆၃၉ ဧကရှိပါသည်။ ရေပေါ်ငါး ရေလယ်ငါး၊ ရေအောက်ငါးဟူ၍ ငါးအမျိုးအစား (၃) မျိုးရှိပါသည်။ ငါးမြစ်ချင်း ငါးအများစုသည် ရေပေါ်တွင် အနေများသဖြင့် ရေပေါ်ငါးဟူ၍ လည်းကောင်း၊ ငါးဒန်၊ ငါးခေါင်းပွ၊ ငါးမုန့်ငါးများသည် ရေအလယ်တွင် အများဆုံးနေထိုင်သဖြင့် ရေလယ်ငါးဟူ၍ လည်းကောင်း၊ ငါးကြင်းဖြူ၊ ဇရားဘီးယား ငါးများသည် ရေအောက်တွင် အနေများသဖြင့် ရေအောက်ငါးဟူ၍ လည်းကောင်း သတ်မှတ်ကြပါသည်။ လက်ပံတန်းမြို့နယ်တွင် ငါးမြစ်ချင်းငါးများကို အများဆုံးမွေးမြူကြပါသည်။ ငါးမွေးမြူခြင်း လုပ်ငန်းကို လက်ပံတန်းမြို့နယ်၊ မဟာဗျုဟာလမ်း၊ ဘီးလင်းအုပ်စု၊ ဖိုးကတိုးကျေးရွာတွင် မွေးမြူထားသော ငါးမွေးမြူရေးကန်အကြောင်း လေ့လာတွေ့ရှိချက်များအရ ငါးသားပေါက်အရွယ်မှစတင်၍ ရောင်းတန်း ဝင်ငါးများမွေးမြူခြင်းထိ မွေးမြူရေးကန်များအဆင့်ဆင့်ပြောင်းလဲပြီး ကန်အမျိုးမျိုးထဲသို့ ထည့်သွင်း မွေးမြူကြရပါသည်။

          (၁)ဧကကျယ်ဝန်းသော သားပေါက်ငါးကန်(၅)ကန်ထဲသို့ ၁လက်မ၊ ၂လက်မအရွယ် ငါးမြစ်ချင်း သားပေါက်တစ်ကောင်လျှင် ၈ကျပ်နှုန်းဖြင့် အကောင်ရေ(၅၀၀၀၀)ခန့် ထည့်၍မွေးမြူရပါသည်။ ၁၀လ ကြာလျှင် ၄လက်မ ၊ ၅လက်မ အရွယ်ရောက်ရှိနေသောငါးများကို ဖွကန် ခေါ်ဝေါ်သော ၅ဧကခန့် ကျယ်ဝန်းသော ကန်(၂)ကန်ထဲသို့ ပြောင်းထည့်၍ မွေးမြူရပါသည်။ ဖွကန်ထဲတွင် ၁၀လကြာပြီးနောက် ၁၅ကျပ်သား ၊ ၂၀ကျပ်သား အရွယ်ရောက်ရှိလာလျှင် ၁၀ဧက ကျယ်ဝန်းသောငါးကန်ကြီးထဲသို့ နောက်ဆုံးအဆင့် ထည့်သွင်းမွေးမြူရပါသည်။

          ငါးသားပေါက်အရွယ် သားပေါက်ကန်မှ ငါးသားပေါက် (၅၀၀၀၀)ကို တစ်နေ့လျှင် ပဲဖတ်၂ပိဿာ နှင့် ဖွဲနု ၃ပိဿာအားနေ့စဉ်ရောစပ်ကျွေးရပါသည်။ ပဲဖတ်တစ်ပိဿာလျှင်၂၁၀၀ ကျပ်၊ ဖွဲနုတစ်ပိဿာ လျှင် ၈၄၀ကျပ်ဖြင့် ငါးသားပေါက်များကို ၁၀လကြာသည်အထိကျွေးရပါသည်။

          ၁၀လကြာမွေးမြူထားသောငါးများကို ဖွကန်ထဲသို့ ပြောင်းထည့်၍ အစာကျွေးရာတွင် တစ်နေ့ လျှင် ဖွဲနု(၂)အိတ်မှ စတင်ပြီး (၅)အိတ် အထိ (၈)လကြာသည်အထိကျွေးရပါသည်။ ဖွဲနုတစ်အိတ်လျှင် ၁၅၀၀၀ကျပ်ဖြင့် ဝယ်ယူကျွေးရပြီး ယခင်နှစ် ဖွဲနု တစ်အိတ်ဈေးနှုန်းမှ (၇၅၀၀)ကျပ်ခန့်သာ ရှိခဲ့ပါသည်။ (၈)လကြာမွေးမြူပြီးသော ငါးများကို (၁၀)ဧက ကျယ်ဝန်းသော အသားတိုးကန်ထဲသို့ ပြောင်းလဲ ထည့်သွင်းပြီး တစ်နေ့လျှင် ဖွဲနု(၃)အိတ်မှစပြီး ငါးကြီးလာလျှင် (၇-၈-၉-၁၀)အိတ်အထိ (၈)လကြာ ကျွေးရပါသည်။ အသားတိုးကန်ထဲတွင် (၈)လကြာမွေးမြူပြီးပါက (၁)ပိဿာဝန်းကျင်နီးပါးရှိသော ရောင်းတန်းဝင် ငါးများရရှိပြီး ကန်ဖော်၍ ရောင်းချနိုင်ကြောင်း သိရှိရပါသည်။

          နောက်ဆုံး အသားတိုးကန်အတွက် အစာ၊ စုစုပေါင်းကုန်ကျစရိတ်မှာ ၂၅၂သိန်းဖြစ်ပြီး ငါးသားပေါက်အရွယ်မှ ၁ပိဿာနှင့် ၁ပိဿာ၅၀အရွယ်ရှိလာတဲ့အထိ စုစုပေါင်း အစာအတွက် ကုန်ကျစရိတ်မှာ ၄၀၇သိန်းခန့်ရှိပါသည်။ ငါးကန်များကို စောင့်ကြည့်ရန် အစောင့်လုပ်သားတစ်ဦး ငှားရမ်းရပါသည်။ လုပ်သားခတစ်ဦးအတွက် တစ်လလျှင် ၁၂၀၀၀၀ ကျပ်ရှိပြီး တစ်နှစ်လျှင် (၁၅)သိန်းခန့်ကုန်ကျပါသည်။ ပိုက်ဆွဲသည့်ကာလတွင်အလုပ်သမား အယောက်(၂၀)လိုအပ်ပြီး (၃)ရက်ဆွဲခ ၅သိန်းခန့်ရှိပါသည်။ ငါးတစ်ပိဿာလျှင် ပျမ်းမျှရောင်းရငွေ(၄၀၀၀)ကျပ်ဖြစ်ပြီး ငါးပိဿာ (၁၅၀၀၀)ရောင်းရငွေမှာ သိန်း၆၀၀ခန့်ရရှိပါသည်။ ကုန်ကျစရိတ်၊ အစာ၊ လုပ်သားခ အားလုံး နှုတ်ယူပြီး ရရှှိသည့် အမြတ်ငွေမှာသိန်း ၁၅၀ခန့်ရရှိနိုင်ကြောင်းသိရှိရပါသည်။

          ငါးမွေးမြူရာတွင် ငါးအစာကျွေးသည့် နည်းစနစ်များ မတူညီကြချေ၊ ရေပေါ်အစာတောင့်၊ ရေအောက်အစာတောင့်၊ ဖွဲနု၊ ပဲဖတ်စသည့်ဖြင့် ကန်ပိုင်ရှင်များမှ ရွေးချယ်အသုံးပြုကြပါသည်။ ယေဘုယျအားဖြင့် ဖွဲနုအစာကျွေးသည့် ယေဘုယျနှုန်းထားမှာ ငါးအလေးချိန် ၁ပိဿာလျှင် ဖွဲနု(၅) ကျပ်သားနှုန်းဖြင့် ကျွေးလျှက်ရှိပါသည်။ ကြာမြင့်ချိန် ၈လကြာသည်အထိ ငါးကြပ်ကန်၊ ငါးဖွကန်၊ အသားတိုးကန်ဟူ၍ များသောအားဖြင့် ခွဲခြားမွေးမြူလျှက်ရှိပါသည်။ ဖွဲနုဈေး အသက်သာဆုံးနှင့် အပေါများဆုံး အချိန်ဖြစ်သည့် စပါးသစ်ပေါ်ချိန်တွင် ထွက်ရှိလာသော ဖွဲနုများကို အစာအခြောက်တောင့် ပြုလုပ်ထိန်းသိမ်းခြင်းသည် ငါးမွေးမြူရေးသမားများအတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ပါသည်။ ဤကဲ့သို့ ထိန်းသိမ်းထားနိုင်သည်နှင့်အမျှ ပြည်တွင်းငါးဈေးနှုန်းကြီးမြင့်မှုကိုလည်း ထိန်းကျောင်းနိုင် မည်ဖြစ်ပါသည်။

          ငါးကန်ပိုင်ရှင်များသည် ၎င်းတို့အတွေ့အကြုံများအရ မနက်စောစောအချိန်တွင် ကန်ပတ်ဝန်း ကျင် ကန်ရေပြင်မျက်နှာပြင်တို့၍ တဖျက်ဖျက်တောက်နေသည့် သံလျပ်ပုံစံများကိုကြည့်၍ ၎င်းတို့ကန်ရှိ ရေ၏အရည်အသွေးကို လေ့လာမှတ်သားပြီး နွားချေး၊ ထုံးစသည်တို့ဖြင့် ထိန်းသိမ်း ဆောင်ရွက် လျက် ရှိပါသည်။ နွေရာသီအချိန်တွင် အပူချိန် ၄၀ဒီဂရီ စင်တီဂရိတ်အထက်ရောက်ပါက ငါးအသေအပျောက် ဖြစ်ပေါ်နိုင်သည့် အခက်အခဲများ ကြုံတွေ့ရပါသည်။

          လက်ပံတန်းမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းသည် ငါးကန်ပိုင်ရှင်များအတွက် သားပေါက်စခန်း၊ သားပေါက်ရောင်းချသည့်စခန်း၊ အစာတောင့်ထုတ်လုပ်ရန် စက်ရုံနှင့် ငါးမွေးမြူခြင်းနည်းပညာများ လိုအပ်လျှက်ရှိကြောင်းတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)