ဟင်္သာတဒေသထွက် နာနတ် သီးများဈေးကောင်းရလျက်ရှိ

Powered by Drupal

            ဟင်္သာတမြို့နယ်တွင် ရာသီပေါ်သီးနှံ နာနတ်ပင်များကို နိဗ္ဗာန်တိုက်နယ်၊ နိဗ္ဗာန်ကျေးရွာတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နှစ်စဉ် နာနတ်စိုက်ဧက ၅၀ မှ ၆၀ ကြားစိုက်ပျိုးလျက်ရှိပါသည်။ တစ်ပင်လျှင်တစ်သီးသီးသော နာနတ်ပင်ကို နှစ်စဉ် မီုးဦးကျ ဇွန်လတွင်စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်ခန့်တွင် အသီးစတင်သီးကာ နောက်နှစ် မေလလယ်ခန့်တွင် အသီးခူးခြင်းကို ဆောင်ရွက်ကြပါသည်။ နာနတ် ပင် တစ်ဧက တွင် အပင် (၆၅၀၀) ခန့် ဝင်ဆန့်ပြီး ဒေသမျိုးကို စိုက်ပျိုးကြပါသည်။

          အပင် ၁၀၀၀ စိုက်ပျိုးရန် မြေပြင်ခနှင့် စိုက်ခ မှာ တစ်သိန်း တစ်သောင်းကျပ်ခန့်ကုန်ကျ၍ တစ်ဧကအပင် ၆၅၀၀ အတွက် မြေပြင်စိုက်ပျိုးခမှာ ခုနှစ်သိန်း တစ်သောင်း ငါးထောင်ကျပ်ခန့် ကုန်ကျပါသည်။ နာနတ် တစ်ဧကလျှင် ကွန်ပေါင်းမြေဩဇာတစ်အိတ် နှင့် ပုလဲမြေဩဇာ တစ်အိတ် ခန့် သုံးစွဲရပြီး သွင်းအားစု အတွက် ကျပ် နှစ်သိန်းခွဲခန့်ကုန်ကျနိုင်ပါသည်။ နာနတ် အစို့ တပင်လျှင် ၂၅၀ ကျပ်ကုန်ကျသည့် အတွက် မျိုး၊ မြေပြင်၊ စိုက်ခ၊ သွင်းအားစု တို့အတွက် နာနတ်တစ်ဧက စုစုပေါင်းစိုက်ပျိုးကုန်ကျစရိတ်မှာ ၂၅၉၀၀၀၀ ကျပ်ခန့် ကုန်ကျပါသည်။ ယခုနှစ် နာနတ်ပေါ်စအချိန် မေလဆန်းတွင် အခင်းဈေးမှာ အချင်း ၆ လက်မ ၊ အမြင့် ၁ပေခန့်ရှိ နာနတ်သီးတလုံးလျှင် ၅၀၀၀ ကျပ်ခန့်ဖြင့် ရောင်းချရလျက်ရှိပါသည်။ နာနတ် ၁ ဧက ဝင်ဆန့်အပင် ၆၅၀၀ စိုက်ပျိုးမှုမှ ရောင်းတန်းဝင် အသီးလုံးရေ ပျမ်းမျှ   ၅၀၀၀ခန့်ထွက်ရှိနိုင်သည့် အတွက် နာနတ် တစ်ဧက ပျမ်းမျှ ဝင်ငွေမှာ ယခုဈေး တစ်လုံး ၅၀၀၀ ကျပ်ဖြင့် တွက်ပါကကျပ်သိန်း ၂၅၀ခန့် ရရှိနိုင်ပါသည်။ တစ်ဧက အကျိုးအမြတ် သိန်း ၂၂၀ ကျပ်ခန့် ရရှိနိုင်ပြီး စတင်စိုက်ပျိုးချိန်မှ အသီးခူးချိန်ထိ တစ်နှစ်ခန့် ကြာမြင့်သည့်အတွက် နာနတ်တစ်ဧကလျှင် စိုက်ပျိုးသူ တောင်သူအဖို့ တစ်လလျှင်ပျမ်းမျှ ၁၈သိန်းခန့်ဝင်ငွေရရှိနိုင်ပါသည်။ နိဗ္ဗာန်ကျေးရွာမှ နာနတ် သီးစိုက်တောင်သူများအနေဖြင့် ဒေသ တွင်းရောင်းချမှုအပြင် ပုသိမ်မြို့နှင့် ရန်ကုန်မြို့များသို့ပါ တင် ပို့ရောင်းချလျက်ရှိပါသည်။ ယခင်နှစ်  နာနတ်သီး ပေါ်ချိန် ရောင်းတန်းဝင် တလုံးဈေးနှုန်း ၄၀၀၀ ကျပ်နှင့် နှိုင်းယှဉ်ပါက ယခု နှစ်တွင် ၁၀၀၀ ကျပ်ခန့် ဈေးပိုရလျက်ရှိသည့် အတွက် နာနတ်သီး စိုက်တောင်သူတို့ ဈေးကောင်းရ လျက်ရှိ် ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)