ဆားလင်းကြီးမြို့နယ်အတွင်း၌ နွေနှမ်းများလှိုင်လှိုင်ထွက်ပေါ်

Powered by Drupal

            မုံရွာမြို့တစ်ဖက်ကမ်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်  မြေနုကျွန်းများပေါ်တွင်မေလဆန်းပိုင်းက စိုက်ပျိုးခဲ့သည့်နွေနှမ်းများ ယခုလဆန်းပိုင်းမှ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ရေဝင်ဒေသများဖြစ်သည့် ရွာရှည်အုပ်စု၊ လက်ပန်တောင်းအုပ်စု၊ တုံးအုပ်စု၊ ထန်းစင်အုပ်စုရှိကျေးရွာများမှတောင်သူများသည် နှစ်စဉ်နွေနှမ်းကို မြေနူကျွန်းများပေါ်၌ ရေပေးသွင်း၍ စိုက်ပျိုးကြကြောင်း သိရှိရသည်။ ယခုနှစ် နွေနှမ်းစိုက်ပျိုးချိန် မေလဆန်းကတည်းက မိုးရွာသွန်းခဲ့သည့်အတွက် ယခုနှစ်နွေနှမ်းကို ရေပေးသွင်းခြင်း မပြုခဲ့ရဘဲ မိုးရေဖြင့်စိုက်ပျိုးအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

          ယခုနှစ်နွေနှမ်းစိုက်ပျိုးဧက (၁၀၀၀)ကျော်ရှိပြီးစိုက်ပျိုးချိန်မှစ၍ မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် ရေသွင်းစရိတ်သက်သာခဲ့ကြောင်း မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် အပင်ဖြစ်ထွန်းမှု အားကောင်းပြီး သီးရှဉ်းနည်းခဲ့ကြောင်း၊ နှစ်စဉ်ရေသွင်းစိုက်ပျိုးမှုထက် ကုန်ကျစရိတ်သက်သာသော်လည်းအထွက်နှုန်း လျော့နည်းခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရှိရပါသည်။ နှစ်စဉ်နွေနှမ်းကို ရေသွင်းစိုက်ပျိုးခဲ့ရာ တစ်ဧက( ၂.၅ )သိန်းခန့်ကုန်ကျပြီး (၁၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း ယခုနှစ်တွင် မိုးဖြင့် စိုက်ပျိုး ခဲ့ရသည့်အတွက် တစ်ဧက (၁.၅)သိန်းခန့်သာကုန်ကျခဲ့သော်လည်း အထွက်နှုန်းအနေဖြင့် (၈)တင်းခန့်သာထွက်ရှိခဲ့သည်အတွက် တစ်ဧကကျပ်(၂)သိန်းဝန်းကျင်ခန့်သာ အကျိုးအမြတ်ရရှိခဲ့ ကြောင်း၊ အပင်ဖြစ်ထွန်းမှုဖက်အားကောင်းသွားပြီး အသီးရှဉ်းနည်းသွားခဲ့သည့်အတွက် အထွက်နှုန်း လျော့နည်းသွားခဲ့ကြောင်း နှမ်းစိုက်တောင်သူ ဦးဘိုအောင်၏ သုံးသပ်ပြောပြချက်အရ သိရှိရပါသည်။

          ယခုလက်ရှိဒေသတွင်း၌ နွေနှမ်းများလှိုင်လှိုင်ရိတ်သိမ်းလျက်ရှိပြီး စနစ်တကျစုပုံခြင်း၊ နှမ်းစည်းခြင်း၊ နှမ်းထောင်နေလှန်းခြင်းနှင့် နှမ်းခါယူခြင်းများဆောင်ရွက်လျှက်ရှိရာ လက်ရှိနွေနှမ်း ရိတ်သိမ်းနေချိန်တွင် နေပူပြင်း၍ မိုးရွာသွန်းမှုမရှိသေးသည့်အတွက် အရည်အသွေးထိခိုက်မှုမရှိသေးကြောင်း၊ ခါယူရရှိသည့်နှမ်းများကို ခြောက်သွေ့အောင်နေလှန်းသန့်စင်ပြီးမှ မုံရွာဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

          လက်ရှိမုံရွာဈေးကွက်အတွင်း၌လည်း နှမ်းများနေ့စဉ်နယ်အဝင်များလျှက်ရှိပြီး နှမ်းအမျိုး အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးပေးဝယ်ယူလျှက်ရှိကြောင်း၊ တစ်ရက်လျှင် နှမ်းတင်း (၅၀၀) ခန့် နယ်အစုံမှဝင်ရောက်မှုရှိပြီး နယ်အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ လက်ရှိမုံရွာဈေးကွက်၌ နှမ်းညိုတစ်တင်း (၅၇၀၀၀)ကျပ်မှ(၅၉၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၆၇၀၀၀)ကျပ်မှ (၆၉၀၀၀)ကျပ်နှင့် နှမ်းနက်တစ်တင်း(၇၃၀၀၀)ကျပ်မှ (၇၅၀၀၀)ကျပ်ပေါက်ဈေး ရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက တစ်တင်း(၁၀၀၀၀)ကျပ်ခန့် မြင့်တက်ခဲ့ကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ အဓိကတင်ပို့လျှက်ရှိကြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)