
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်း နှင့် ပုပ္ပါးဒေသထွက်ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါး ပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှုနည်းခြင်း ကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီး မျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံး မှုများကြောင်း သိရှိရသည်။
ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)မှစ၍ ခရမ်းချဉ်သီး ဈေးနှုန်း ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၄၀၀၀-၃၆၀၀)အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ခရမ်းချဉ်စိုက်ပျိုးထား ရှိသော စိုက်ခင်းများမှ ခရမ်းချဉ်သီးထွက်ရှိမှုနည်း၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ဈေးတက်ရခြင်းဖြစ်ကြောင်း၊ မေလ(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ခန့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)