ကျိုင်းတုံမြို့ဒေသထွက် လိုင်ချီးသီးဈေးကွက်

Powered by Drupal

 ကျိုင်းတုံမြို့နယ်ဒေသအတွင်းရှိ စိုက်ပျိုးရေးခြံနှင့် အိမ်ခြံဝန်းတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော လိုင်ချီးသီးများသည် မေလမှစတင်ပေါ်ထွက်ပြီး ဇွန်လထိ အပင်ပုတ်ပြတ်စနစ်ဖြင့် ခူးယူကာ ကျိုင်းတုံမြို့ရှိ ဈေးများ၌ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

   လိုင်ချီးသီးပင်သည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် ဒေသမျိုး တစ်ဧက စိုက်ပျိုးပင်အရေအတွက် (၇၀) ပင်ခန့်၊ (၂၀×၂၀) ပတ်လည်စနစ်ဖြင့် မြေပေါ်မူတည်၍ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၅) နှစ်၊ (၆) နှစ်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး လိုင်ချီးသီးပင်တစ်ဧက ကုန်ကျစရိတ် မှာ နွားချေး၊ မြေဆွေး၊ မျိုးပင်၊ ဓါတ်မြေဩဇာ၊ လုပ်သားခ၊ သွင်းအားစုကုန်ကျစရိတ် စုစုပေါင်းအနေဖြင့် ကျပ် (၃၈) သိန်းခန့် ကုန်ကျပြီး လိုင်ချီးသီးပင်တစ်ပင်၏ ကုန်ကျစရိတ်မှာ ၅၄၀၀၀ ကျပ်ခန့် ဖြစ်ပါသည်။

    ယခုနှစ်တွင် အပင်ပုတ်ပြတ်တစ်ပင်ဝယ်လျှင် (၅၀၀၀၀) ကျပ်၊ အပင်တက်ခူးဆွတ်ခ (၁၅၀၀၀) ကျပ်၊ သယ်ယူပို့ဆောင်ခ (၂၀၀၀၀) ကျပ်၊ လိုင်ချီးသီးတစ်ပင်၏ စုစုပေါင်းကုန်ကျငွေမှာ (၈၅၀၀၀) ကျပ် ကုန်ကျပါသည်။

   လိုင်ချီးသီးတစ်ပင်၏ ထွက်ရှိနှုန်းမှာ ပျှမ်းမျှကီလို (၃၀) ကီလိုခန့် ထွက်ရှိကြောင်း သိရပါသည်။ လက်ကားတစ်ကီလိုရောင်းဈေးမှာ (၃၅၀၀) ကျပ်၊ လက်လီဈေး (၄၀၀၀) ကျပ်ထိရရှိကာ ပျှမ်းမျှ (၃၀) ကီလိုကို (၃၅၀၀) ကျပ်နှုန်းဖြင့်တွက်လျှင် (၁၀၅၀၀၀) ကျပ်ခန့်ရရှိပြီး လိုင်ချီးသီး တစ်ပင်၏ ခူးဆွတ်ခြင်း အထွေထွေကုန်ကျစရိတ် (၈၅၀၀၀) ကျပ် နုတ်လျှင် လိုင်ချီးသီးပင်တစ်ပင် လျှင် (၂၀၀၀၀) ကျပ်ခန့် အမြတ်အစွန်းရနေကာ တစ်ဧကစိုက်ပျိုးပင်အရေအတွက် (၇၀) ခန့်လျှင် အမြတ်အစွန်း (၁၄) သိန်းကျပ်ခန့် ရရှိပါကြောင်း ရောင်းဝယ်သူများထံမှ သိရှိရပါသည်။

     ဒေသနေ တောင်သူကြီးများအနေဖြင့် လိုင်ချီးသီးပင်များကို ဒေသအတွင်း ဈေးနှုန်းချိုသာစွာဖြင့် စားသုံးမှုဖူလုံစေရန် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သင့်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(ရှမ်း)