
မိုးရွှဲရွှဲလေးရွာသွန်းပြီးတဲ့ ယခုလိုရာသီမှာဆိုလျှင် အညာဒေသတွင် တစောင်းခါး တစောင်းချဉ်များ ထွက်ပေါ်လေ့ရှိပါသည်။ ယခုလိုမိုးရာသီရောက်ပြီဆိုလျှင် အညာဒေသရှိ တောင်သူဦးကြီး များသည် မိသားစုစားသုံးနိုင်ရန်အတွက် မှိုရှာ၊ တစောင်းခါး၊ တစောင်းချဉ်ရှာထွက်ကြသည်။ တစောင်းခါးတစောင်းချဉ်များသည် ယခင်ကအညာဒေသရှိ တောင်ကုန်းများပေါ်တွင် ခြုံနွယ်ပင်များအောက်၌ မှိုများထွက်ပေါ်သလို တစ်နှစ်တစ်ခါ ထွက်ပေါ်လေ့ရှိပါသည်။ ယခုကာလတွင် တစောင်းခါးတစောင်းချဉ်ပင်၏ အမြစ်အငုပ်များကို ပန်းအိုးခင်းများတွင် စနစ်တကျစိုက်ပျိုး၍ ခူးယူစားသောက်မှုများလည်း ရှိလာပြီဖြစ်ပါသည်။ မည်သို့ဆိုစေကာမူ ရာသီစာဖြစ်သည့်အတွက်ကြောင့် သူ့ရာသီနဲ့သူ ထွက်ပေါ်လာမှ စားသုံးခြင်းက ထမင်းမြိန်စေမည့် ဟင်းလျာတစ်ခွက်ဖြစ်မည်ထင်ပါသည်။ တစောင်းခါးနှင့် တစောင်းချဉ်ဟူ၍ နှစ်မျိုးရှိသည်။ တစောင်းခါးတစောင်းချဉ်ကို ငရုတ်ကျည်ပွေ့ဖြင့် ထု၍ ဆားဖြင့်နယ်ပြီး ရေဖြင့် နှစ်ကြိမ်သုံးကြိမ်စင်ကြယ်အောင် ဆေးကြောရပါသည်။ ထို့နောက် ကြက်သွန်ဖြူ/ နီ၊ ပုစွန်ခြောက်၊ငပိအနည်းငယ်၊ဆား ၊ဟင်းခတ်မှုန့်ဖြင့် ရေမြှပ်ရုံထည့်၍ အဖုံးဖွင့်ပြီး ဆီပြန်သည့်အထိ ချက်ပြုတ်ပြီးက ထမင်းမြိန်သည့် တစောင်းခါးတစောင်းချဉ်ချက်ကို ရမည်ဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ တစောင်းခါးတစောင်းချဉ် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ဈေးကွက်ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)