
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ “ဝါ”သီးနှံကို ကံတော်၊ ကံလှ၊ ကံတိန်၊ ကံရက်၊ ကံမြင့်ကုန်း၊ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ “ဝါ”ကို အဓိကစိုက်ပျိုး ကြပါသည်။ ထွက်ရှိသော“ဝါ”များကို ပခုက္ကူမြို့ပေါ်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ပခုက္ကူမြို့ “ဝါ”စိုက်ဧကမှာ ယခင်နှစ်က(၅၀၀၀ မှ ၆၀၀၀)ရှိခဲ့ပြီး ယခုအခါတွင် စိုက်ဧကမှာ အလွန် နည်းပါးလျက်ရှိပါသည်။ မျိုးအနေဖြင့် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါများကို အများဆုံး စိုက်ပျိုးကြပါသည်။ “ဝါ” စတင်ပေါ်စတွင် အစေ့ပါ တစ်ပိဿာလျှင် ကျပ်(၃၈၀၀)ဖြစ်ခဲ့ပြီး တစ်နေ့လျှင် ကုန်ချိန်(၃၀ မှ ၅၀ ထိ) ဝင်ရောက်လျက်ရှိကြောင်း “ဝါ”ကုန်သည်များထံမှ သိရှိရသည်။
ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့နယ်မှ ထွက်ရှိသော“ဝါ”များကို မန္တလေးတိုင်းဒေသ ကြီးနှင့် သရက်၊ အောင်လံခရိုင်များသို့လည်း တင်ပို့ရောင်းဝယ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ (ဒုတိယပတ်)တွင် “ဝါ”ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပိဿာချိန် (၂၀၀ မှ ၃၀၀)ဖြစ်ပြီး ဈေးနှုန်း အနေဖြင့် ချည်မျှင်ရှည်ဝါတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ချည်မျှင်တိုဝါ တစ်ပိဿာလျှင် ကျပ် (၂၉၀၀)ရှိပြီး ဝါကြိတ်ဖတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ဝါစေ့တစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ ဝါစေ့ ဆီတစ်ပိဿာလျှင် ကျပ်(၁၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၅၀)ခန့်၊ ဝါစေ့ဆီတစ်ပိဿာလျှင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ “ဝါ”ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပိဿာချိန် (၁၅၀ မှ ၂၀၀)ခန့် ဝင်ရောက်ကြောင်း “ဝါ”ကုန်သည်များထံမှ သိရသည်။
DOCA(မကွေး)