ရွှေဘိုမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ထွက် မိုးစပါးများ စိုက်ပျိုးရန် ပြင်ဆင်လျှက်ရှိ

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တတိယစပါးကျီဖြစ်ပြီး ရွှေဘိုခရိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီဖြစ်သဖြင့် နှစ်စဉ်မိုးစပါးဧက(၆)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မိုးရွာသွန်းမှု များပြီး ဆည်ရေရရှိသည့်အပေါ်မူတည်၍ နွေစပါးများ စိုက်ပျိုးလျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ်ထွက် မိုးရာသီတွင် ရွှေဘိုပေါ်ဆန်း(၃၅၄၇၈၅)ဧက၊ ဧရာမင်း(၂၀၇၃၄၃)ဧက၊ ရွှေသွယ်ရင် (၅၈၇၇၇)ဧက၊ မနော်ဟရီ(၂၆၈၀၅)ဧက၊ IR-747 (၁၉၆၉၉)ဧက၊ မနောသုခ(၂၅၃၇)ဧက၊ ဆင်းသုခ (၁၈၇)ဧက၊ စုစုပေါင်း(၆၇၀၁၃၃)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုပေါ်ဆန်းစပါးသည် ခရိုင်ချုပ်စိုက်ဧက၏ (၅၂%)ကျော် စိုက်ပျိုးခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်းစပါးကို ရာခိုင်နှုန်းအများဆုံးစိုက်ပျိုးရခြင်းမှာ ရွှေဘိုဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့်အပြင် စပါးပေါ်ချိန်မှ သိုလှောင်ထားချိန်ကာလ တစ်လျှောက်လုံးတွင် ဈေးကွက်ခိုင်မာပြီး စပါးနှင့်ဆန်ဈေးကွက်အတွင်း အမြင့်ဆုံးဈေးဖြင့်ရောင်းချရ၍ အခြားသောစပါးနှင့်ဆန်များထက် ဈေးကောင်းရရှိသဖြင့် ပိုမိုစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်း စပါးမျိုးသည် ရာသီစပါးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ဇူလိုင်လ (တတိယပတ်)တွင် ပျိုးထောင်စိုက်ပျိုးပါက အောက်တိုဘာလ(တတိယပတ်)တွင် သန္ဓေကပ်ပြီး နိုင်ဝင်ဘာလ(တတိယပတ်)တွင်ပန်းပွင့်၍ ဒီဇင်ဘာလ (တတိယပတ်)တွင် ရိတ်သိမ်းနိုင်သဖြင့် သက်တမ်း (၁၅၀)ရက်ရှိကြောင်း၊ ပုံမှန်ထက်စော၍ စိုက်ပျိုးပါက သက်တမ်းရှည်ပြီး အပင်အရပ်မြင့်သဖြင့် သီးပွင့်ရင့်မှည့်ချိန်တွင် လေဒဏ်၊ မိုးဒဏ်မခံနိုင်သောကြောင့် အပင်ယိုင်လဲ ပျက်စီးတတ်ကြောင်း၊ ပျိုးထောင်ချိန်ပုံမှန်ထက် အလွန်နောက်ကျပါက ပန်းပွင့်ချိန် နောက်ကျပြီး ဆောင်းရာသီ၏ ရာသီဥတု ဖောက်ပြန်မှုနှင့်ကြုံတွေ့နိုင်၍ ဝတ်မှုန်ကူးမှုကို ထိခိုက်နိုင်သဖြင့် အဖျင်း၊ အမှော်များပြီး အထွက်နှုန်းနှင့် အရည်အသွေးကိုထိခိုက်စေနိုင်ကြောင်း၊ပျိုးထောင်စိုက်ပျိုးချိန်ကို မှန်ကန်စွာဆောင်ရွက်မှသာ အထွက်နှုန်း ကောင်းမွန်ပြီး အရည်အသွေး ကောင်းစပါးများရရှိမည် ဖြစ်ပါကြောင်း တောင်သူဦးကြီးများထံမှ သိရှိရပါသည်။ ရွှေဘိုခရိုင်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မိုးစပါး (၄၈၅၈၈၁)ဧက စိုက်ပျိုးရန် လျာထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ၂၀၂၁ခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုများ၍ ဆည်ရေလုံလောက်စွာရရှိသဖြင့် ၂၀၂၂ခုနှစ်တွင် နွေစပါး (၁၀၀၇၅၂)ဧကနှင့် နွေသီးနှံ(၁၂၈၄၅၉)ဧက စိုက်ပျိုးခဲ့ပါသည်။ ယခုအချိန်တွင် နွေသီးနှံအားလုံး ရိတ်သိမ်း ပြီးစီးပြီး နွေစပါးကို ဇွန်လမှစတင်ရိတ်သိမ်းခဲ့ရာ ရာနှုန်းပြည့်နီးပါးရိတ်သိမ်းပြီးစီးပြီဖြစ်သဖြင့် မိုးစပါး အချိန်မီပျိုးထောင်စိုက်ပျိုးနိုင်ရန်အတွက် ထွန်ယက်မြေပြုပြင်ခြင်း၊ မျက်ကောက်ခြင်း၊ ကန်သင်းပြုပြင်ခြင်းနှင့် ပျိုးဘောင်ဆွဲခြင်း၊ ပျိုးထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)