
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်သည်အေးမြသောရာသီဥတုရှိပြီး နှစ်ရှည်သီးနှံများ ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး အလုပ်အကိုင်များဖြစ်ထွန်းလျှက်ရှိပါသည်။ ၎င်းသီးနှံများအနက်မှ နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲပင်ကိုလည်းစိုက်ပျိုးပြီး မိသားစုစီးပွားရေးအဆင်ပြေလျှက်ရှိပါသည်။ ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ပြင်ဦးလွင်ရှိ ခြံတိုင်း၊အိမ်တိုင်း စိုက်ပျိုးလျှက်ရှိပါသည် ။ ပိန္နဲပင်သည် အဓိကအားဖြင့် အိမ်ပျော့နှင့်အိမ်မာဟူ၍ နှစ်မျိုးရှိပြီး အရောင်းအဝယ်ဖြစ်သော အိမ်မာပိန္နဲကို အဓိကစိုက်ပျိုးကြပါသည် ။ ပြင်ဦးလွင်ရှိကျေးလက်နေ တောင်သူများအနေဖြင့် ယခုအခါဒေသမျိုးအပြင် ယိုးဒယားပိန္နဲကိုလည်းစီးပွားဖြစ်စိုက်ပျိူး လျက်ရှိပါသည်။ ယိုးဒယားပိန္နဲကို ကိုင်းကူး၊ကိုင်းဆက်ပြီး အပင်သက်တမ်း(၃)နှစ်ကျော်လျှင် စတင်ခူးဆွတ် နိုင်ပါသည်။ ယိုးဒယားပိန္နဲပင်တစ်နှစ်ပတ်လုံးခူးဆွတ်နိုင်ပြီးဒေသပိန္နဲမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ဖူးပွင့်ပြီး ဇွန်၊ဇူလိုင်တွင် အသီးများခူးဆွတ်နိုင်ပါသည်။ ယခုအခါ ယိုးဒယား ပိန္နဲ၊ ဒေသပိန္နဲများ လှိုင်လှိုင်ထွက်ပေါ်ပြီး ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့အနီးအဝိုက်သို့ တင်ပို့ ရောင်းချကြောင်း၊ ယိုးဒယားပိန္နဲသီးအကြီးတစ်လုံး( ၂၀၀၀၀/-)ကျပ်နှင့် ဒေသမျိုးအကြီးတစ်လုံး (၁၀၀၀၀-၇၀၀၀/-) ကျပ်အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရောင်းချကြောင်း ဒေသထွက်ကုန်ရောင်းချသူ များထံမှ သိရှိရပါသည်။ ပိန္နဲသီးတွင် အမျှင်ဓာတ်ပါဝင်မှုက ကျန်းမားရေးကိုညီညွတ်ပြီးသွေးတွင်း ကိုလက်စထရောကိုကျဆင်းစေပါသည်။ နှလုံးကျန်းမာရေးကို လည်းအထောက်အကူပြုပါသည်။ ဗီတာမင်စီပါဝင်မှုက သွေးကြောကျဉ်းတာမဖြစ်အောင် ကာကွယ်ပေးပါသည်။ အဆိပ်အတောက်နှင့် အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် ပိန္နဲပင်သည် နေရာအနှံ လွယ်ကူစွာစိုက်ပျိုးနိုင်ပြီး ကျန်းမာရေးကို အထောက်အကူပြုပြီး မိသားစုဝင်ငွေကိုပါ တစ်ဖက်တစ် လမ်းမှ ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကလေး၊ လူကြီးနှစ်သက်ခြင်းတို့ကြောင့် ခြံတိုင်း၊ အိမ်တိုင်းတွင် စိုက်ပျိုးသင့်ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)