ညောင်ဦးမြို့နယ်၏ မိုးသီးနှံများ စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

            ယခုနှစ်မိုးသီးနှံများစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုအနေဖြင့် တောင်သူများအကြိုက်ဖြစ်၍ ညောင်ဦးမြို့နယ်၌ တောင်သူဦးကြီးများသည် မေလ တတိယပတ်မှစတင်၍ မိုးသီးနှံများ ဖြစ်သော ပဲတီစိမ်း၊ ပဲစိမ်းငုံ၊ မြေပဲ၊နှမ်းစသည့် သီးနှံများကို စတင်စိုက်ပျိုးလျက်ရှိသည်။ ယခုနှစ်တွင် မြို့နယ်၏ စိုက်ပျိုးသီးနှံ လျာထားချက်များအနေဖြင့် ပဲတီစိမ်း(၁၇၀၁၂) ဧက၊ ပဲစဉ်းငုံ (၁၁၈၆၈)ဧက၊ မြေပဲ (၁၀၁၇၂၇)ဧက၊ နှမ်း (၁၈၁၃၇)ဧက လျာထားပြီး၊ စိုက်ပျိုးထားရှိမှုအနေဖြင့် ပဲတီစိမ်း (၁၀၆၀)ဧက၊ ပဲစဉ်းငုံ (၂၇၆၈)ဧက၊ မြေပဲ (၉၉၉၆)ဧက၊ နှမ်း(၃၁၇၄)ဧက စိုက်ပျိုး၍ပြီးစီးပြီဖြစ်ပါကြောင်း၊ ယခင်နှစ်တွင် အဆိုပါသီးနှံများ စိုက်ပျိုးခဲ့ရာတွင် ပဲတီစိမ်း( ၁၆၉၃၀)ဧက၊ ပဲစဉ်းငုံ( ၉၄၇၁ )ဧက၊ မြေပဲ (၁၁၃၃၆၇)ဧက၊ နှမ်း(၁၆၃၃)ဧကများစိုက်ပျိုးခဲ့ပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးခဲ့နိုင်ပါကြောင်း၊ ယခုနှစ်တွင်လည်းတောင်သူများ ယခင်နှစ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးမည်ဖြစ် ကြောင်း သိရသည်။

            ယခုလက်ရှိ စိုက်ပျိုးသီးနှံမျိုးများစိုက်ပျိုးရာတွင် သီးနှံအမျိုးအစားအလိုက်မျိုးသုံးစွဲမှုအနေဖြင့် ပဲတီစိမ်းသီးနှံတွင် ရေဆင်း -၁၄ မျိုး၊  ရေဆင်း -၁၁ မျိုး၊ ပဲစဉ်းငုံသီးနှံတွင် ရွှေဒင်္ဂါမျိုး၊ မြေပဲသီးနှံတွင် မကွေး - ၁၀၊ မ‌ကွေး - ၁၁၊ ပင်ပြန့်၊ ကျောင်းကုန်းမျိုး၊ နှမ်းသီးနှံတွင် ဆင်းရတနာ - ၃၊ မယ်သီလနှင့် နှမ်းနီ ၂၅/၁၆၀ မျိုးများစိုက်ပျိုးကြကြောင်းသိရသည်။ ယခင်နှစ်တွင် သီးနှံအမျိုး အစားအလိုက် တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် ပဲတီစိမ်းတစ်ဧကလျှင် (၁၁)တင်း၊ ပဲစဉ်းငုံ တစ်ဧကလျှင် (၁၂)တင်း၊ မြေပဲတစ်ဧကလျှင် (၄၇)တင်းနှင့် နှမ်းတစ်ဧကလျှင် (၅)တင်းခန့် ထွက်ရှိခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ သီးနှံများကို မြို့နယ်အတွင်း အများဆုံးစိုက်ပျိုးသည့် ကျေးရွာများမှာ သူဌေးကန်၊ တောင်ဘ၊ မင်းနန်သူ၊ ဖွားစောကျေးရွာများဖြစ်ပါသည်။ ထွက်ရှိသောသီးနှံများ ရောင်းဝယ်မှုဈေးကွက် အနေဖြင့်မန္တလေးသို့အများဆုံးတင်ပို့ရောင်းချကြပြီး၊ ဆီထွက်သီးနှံဖြစ်သော မြေပဲတစ်ချို့ကို မကွေးသို့လည်းတင်ပို့ရောင်းချကြပြီး ဒေသတွင်းစားသုံးမှုများလည်းရှိပါသည်။ တောင်သူဦးကြီးများ၏ ရာသီအလိုက်စိုက်ပျိုးထွက်ရှိသော သီးနှံများသည် ဒေသတွင်းရှိ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအတွက်လည်း ဆက်နွယ်လျက်ရှိရာ အရည်အသွေးပြည့်ဝကောင်း မွန်သောသီးနှံမျိုးကောင်းမျိုးသန့်များနှင့်ဈေးကွက်ခိုင်မာမှုရှိသော သီးနှံများကိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ပါသည်။   ညောင်ဦးမြို့နယ်၌ လက်ရှိအချိန်ကာလတွင်လည်း မိုးရွာသွန်းမှုများရှိသဖြင့် တောင်သူများအနေဖြင့် မိုးသီးနှံများ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)