ကေတုမတီမှ ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်

Powered by Drupal

           တောင်ငူမြို့၏ မြောက်ဘက်အဝင် ကံရိုးကျေးရွာ တည်နေရာတွင် မြို့သူမြို့သားများ လုပ်အားတန်ဖိုးဖြင့် ဒေသန္တရ ငါးသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တူးဖော်ခဲ့သော ကန် ၁၀၀ စီမံချက်ဖြင့် ငါးမွေးမြူရေးလုပ်ငန်းအား ကေတုမတီငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လီမီတက်မှ နိုင်ငံတော်သို့ အသင်းမှတ်ပုံတင်ပြီး လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

           အသင်းပိုင် ငါးကန် ၁၃၀ ဧကခန့်တွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုတ်စသည့် ငါးမျိုးစုံကို မွေးမြူကာ တစ်နှစ်လျှင် အထီးနှစ်ကောင်၊ အမတစ်ကောင်ပါဝင်သည့် ငါးအစုံရေ ၇၅ စုံစီ ကို ဆေးထိုးသားဖောက်ပြီး ငါးမှုံအကောင်ရေ သိန်း ၁၀၀ ခန့်ရရှိကြောင်း၊ ငါးမှုံမှ ငါးသန်၊ ငါးသန်မှ ငါးဖျဉ်း၊ ငါးဖျဉ်းမှ အသားတိုးသည့်ကာလအဆင့်ဆင့် တစ်နှစ်ခွဲခန့်ကြာလျှင် ပိဿာချိန် ၂၁၀၀၀၀ ခန့် ရရှိလာသဖြင့် တစ်ရက်လျှင် ငါးပိဿာ ၇၀၀ ခန့် ထုတ်လုပ်နိုင်လျှက်ရှိပြီး “ပြည်သူ့အတွက် ငါးဟင်းတစ်ခွက်” အစီအစဉ်ဖြင့် ငါးမြစ်ချင်း(၄၀ ကျပ်သားအောက်) တစ်ပိဿာလျှင် ၄၄၀၀ ကျပ် နှုန်း၊ ငါးမြစ်ချင်း (၄၀ ကျပ်သားအထက်) တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်း၊ ငါးမြစ်ချင်း (၇၀ ကျပ်သားအထက်) တစ်ပိဿာလျှင် ၅၄၀၀ ကျပ်နှုန်း၊ ငါးမုတ် တစ်ပိဿာလျှင် ၄၁၀၀ ကျပ်နှုန်းနှင့် ငါးတန် တစ်ပိဿာလျှင် ၄၁၀၀ ကျပ်နှုန်းဖြင့် ပြည်သူများအတွက် ဈေးနှုန်းချိုသာစွာဖြင့် လက်လီ လက်ကား ဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါသည်။

        ယခုအခါ ကေတုမတီငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်း လီမီတက်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးဆေးထိုး သားဖောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့် နည်းပညာများ သင်ကြားပေးခြင်း၊ ငါးမျိုးရရှိရေး အကူအညီပေးခြင်းများကို ကူညီဆောင်ရွက်လျှက်ရှိပြီး ပြည်သူများအတွက် ငါးဟင်းတစ်ခွက် စားသုံးနိုင်စေရန် “ငါးသယံဇာတဖွံ့ဖြိုးတိုးတက်ဖို့ ငါးမွေးမြူရေးလုပ်ငန်းများ ဖော်ထုတ်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)