အရသာကောင်း အာဟာရကြွယ်ဝသည့်သရက်သီးများ အလဟဿမဖြစ်စေရေး တန်ဘိုးမြှင့်ပြုပြင် ထုတ်လုပ်ပေး

Powered by Drupal

             ယခုလိုသရက်သီးရာသီတွင် အိမ်တိုင်းလိုလို သရက်သီးများကိုတွေ့ကြရပြီး အပင်ခြေရင်း တွင် ကြွေကျ၍ ကောက်သူမရှိအောင် သရက်သီးပေါသည့် ကာလဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သရက်ပင်ကို အလွန်အေးသည့် မြောက်ပိုင်းဒေသမှအပ နိုင်ငံအနှံအပြားတွင် စိုက်ပျိုးကြပါသည်။ သရက်ပင်ကို အိမ်ခြံဝင်းစည်းရိုးများ၊ လယ်ယာကန်သင်းများတွင် မိရိုးဖလာအဖြစ် အစဉ်အလာ စိုက်ပျိုးကြသကဲ့သို့ စီးပွားဖြစ် စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးကြသည်ကို တွေ့နိုင်ပါသည်။ မိရိုးဖလာ အိမ်ခြံစည်းရိုးများ၊ လယ်ယာကန်သင်းများတွင် စိုက်ပျိုးကာ သဘာဝအလျောက် ရရှိလာ သည့် အသီးများကို အခက်အခဲမရှိ လွယ်ကူစွာ ဆွတ်ခူးရယူစားသုံးနိုင်ပါသည်။

            သရက်သီးသည် အပူပိုင်းဒေသ သစ်သီးများထဲတွင် ငှက်ပျောသီးပြီးလျှင် ဒုတိယအများဆုံး စိုက်ပျိုးသည့် သီးပင်ဖြစ်ပါသည်။ ကမ္ဘာ့သစ်သီးဈေးကွက်တွင် ငှက်ပျောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီးများ၏နောက်တွင် ပဉ္စမအများဆုံး ရောင်းဝယ်စားသုံးသည့် သစ်သီးဖြစ်ကြောင်း သိရပါ သည်။ သရက်ချဉ်သိပ်လျှင် ကောင်းသောမျိုး၊ သရက်သီး ဆီစိမ်လုပ်လျှင် ကောင်းသောမျိုး၊ အစိမ်းစား၍ ကောင်းသောမျိုး၊ အမှည့်စား၍ ကောင်းသောမျိုး၊ သရက်မျိုးပွားရာတွင် အောက်ခံပင် အဖြစ် အသုံးပြု၍ကောင်းသောမျိုး၊ စောပေါ်သောမျိုး၊ နောက်ကျမှပေါ်သောမျိုး စသဖြင့် သရက်သီး အမျိုးမျိုးရှိပါသည်။ စိန်တလုံး၊ ရွှေဟင်္သာ၊  ရင်ကွဲ၊ မြကျောက်၊ သံကွန်ချာ၊ မစောရင်၊ ပတ္တမြားငမောက်၊  မသီ၊ နို့ဆီ၊ သကြား၊ ဗြုတ်သီး စသည်တို့သည် အမှည့်စား၍ကောင်းသော နံမည်ကြီးမျိုးများ ဖြစ်ပါသည်။  စိမ်းစားသီး၊ မချစ်စု၊ ဝါဆိုသီး၊ စိုင်သီး စသည်တို့မှာ အစိမ်းစား၍ ကောင်းသော မျိုးများ ဖြစ်ကြသည်။

           မြန်မာနိုင်ငံတွင် ပဲခူးတိုင်းဒေသကြီးသည် သရက်စိုက်ဧရိယာအများဆုံး တိုင်းဒေသကြီး ဖြစ်ကြောင်း၊ ဒုတိအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ တတိယအများဆုံးမှာ မန္တလေးတိုင်းဒေသ ကြီး၊ စတုတ္ထအများဆုံးမှာ ကရင်ပြည်နယ်နှင့် ပဉ္စမအများဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ကြောင်း သိရပါ သည်။ သရက်မျိုးအနေဖြင့် ရင်ကွဲသရက်မျိုးမှာ စိုက်ဧရိယာအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ စိန်တလုံးသရက်မျိုး၊ တတိယအများဆုံးမှာ မချစ်စု၊ စတုတ္တအများဆုံးမှာ ရွှေဟင်္သာနှင့် ပဉ္စမအများ ဆုံးမှာ မြကျောက်သရက်မျိုးများဖြစ်ကြောင်း သိရပါသည်။ သရက်သီးများသည် အလွန်အရသာရှိ သည့် အသီးများဖြစ်သဖြင့် အသီးမှာသရက်ဟု ဆိုရိုးစကားရှိခဲ့ပါသည်။

          သရက်သီးတွင် Vitamin A, Vitamin B, Vitamin C, Vitamin E နှင့် Vitamin K တို့ပါဝင် နေသဖြင့် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ Vitamin A သည် ကူးစက် ရောဂါမျိုးစုံ တိုက်ထုတ်ရာတွင် မရှိမဖြစ်လိုအပ်ပြီး Vitamin A အလုံအလောက်ရှိနေပါက ကူးစက် ရောဂါဖြစ်ပွားလျှင်ပင် နောက်ဆက်တွဲပြဿနာများ ခံစားရမှု နည်းကြောင်း တွေ့ရှိရပါသည်။ ပြင်ပ ရောဂါတိုက်ထုတ်ရာတွင် လိုအပ်သော ဆဲလ်တစ်မျိုးဖြစ်သည့် သွေးဖြူဥများ ထုတ်လုပ်ရန် Vitamin C လိုအပ်ပါသည်။ သရက်သီးကို အတော်အသင့် တစ်ကြိမ်ခန့် စားသုံးလိုက်ရုံဖြင့် နေ့စဉ်လိုအပ်သည့် Vitamin C ပမာဏ၏ သုံးပုံတစ်ပုံခန့် ရရှိနိုင်ပါသည်။

           သရက်သီးတွင် ပါဝင်သော Folic Acid သည် DNA ဆဲလ်များပွားရန်နှင့် ကျန်းမာသည့် ဆဲလ်တည်ဆောက်ရန် လိုအပ်သည့်ဓါတ်ဖြစ်ပါသည်။ Magnesium နှင့် Potassium ဓါတ်များသည် သွေးကြောများကို အလုပ်ပုံမှန်လုပ်နိုင်ရန် ကူညီပေးသဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေး ခုန်နှုန်းကို မှန်စေပါသည်။သရက်သီးတွင် အမျှင်ဓာတ်နှင့် အစာခြေအင်ဇိုင်းတစ်မျိုးဖြစ်သည့် amylase ပါဝင်သဖြင့် အူလမ်းကြောင်း ကျန်းမာရေးအတွက်အများကြီးအကျိုးရှိစေပါသည်။ စားသောက်လိုက်သည့် ကာဗိုဟိုက်ဒရိတ်များကို Amylase အင်ဇိုင်းများက ကောင်းစွာ ခြေဖျက်ပေးနိုင်ပါသည်။ သရက်သီးမှည့်တွင် အစာခြေစနစ်အတွက် အဓိကဖြစ်သော အမျှင်ဓာတ်နှင့် ရေဓာတ်ကြွယ်ဝသဖြင့် သရက်သီးစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကင်းဝေးစေပါသည်။

        ဤအရသာ အာဟာရများ ကြွယ်ဝလှသည့် သရက်သီးကို အလေအလွင့်မဖြစ်အောင် စနစ်တကျပြုပြင်ထုတ်လုပ်မည်ဆိုပါက အာဟာရများ အလဟဿမဖြစ်သသည့်အပြင် မိသားစု ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ်ပါသည်။ ကုန်ကျစရိတ်မများဘဲ မိသားစုတပိုင်တနိုင်ဆောင်ရွက်နိုင်သည့် အိမ်တွင်းမှုသရက်သီးပြုပြင်ထုတ်လုပ်နည်းများကို မျှဝေလို ပါသည်။ သရက်ပြင်ပြုလုပ်ခြင်း၊ သရက်ပေါင်းပြုလုပ်ခြင်း၊ သရက်ဖျော်ရည်ပြုလုပ်ခြင်း၊  သရက်ယို ပြုလုပ်ခြင်း၊ သရက်သီးအစိမ်းယိုပြုလုပ်ခြင်းနှင့် သရက်အစိမ်းသနပ်ပြုလုပ်ခြင်းများသည် မိသားစု တစ်ပိုင်တနိုင်ဆောင်ရွက်နိုင်သည့် ကုန်ကျစရိတ်မများသော သရက်သီးပြုပြင်ထုတ်လုပ်ခြင်းများဖြစ် ပါသည်။

       သရက်ပြင်ပြုလုပ်ရန်အတွက် သရက်သီးအမှည့်ကို ရေဖြင့် စင်ကြယ်အောင်ဆေးပါ။ အခွံနွှာပြီး ဆန်ခါဖြင့် အနှစ်တိုက်ထားပါ။ သကြား၊ လိမ္မော်ရည်၊ တာရှည်ခံဆေးရည်တို့ကို အချိုး တွက်၍ ရောမွှေပါ။ အချိုးတွက်ရာတွင် သရက်သီးအမှည့်အနှစ် အလေးချိန်၏ ၁၀% မှ ၁၅% အထိ နှင့် ညီမျှသည့် သကြားကိုထည့်ပါ။ သရက်သီးအနှစ် ၃၀ ကျပ်သားလျှင် လိမ္မော်ရည် ဇွန်းကြီး တစ်ဇွန်းနှင့် တာရှည်ခံဆေးဖြစ်သည့် ပိုတက်ဆီယမ်မက်တာဘိုင်ဆာလဖိုက် ၁ ဂရမ်ထည့်ပါ။ ပြီးလျှင် မီးအေးအေးဖြင့်မွှေပါ။ ဆီသုတ်ထားသောဗန်းတွင် ခပ်ပါးပါးလောင်းထည့်ပြီး နေလှမ်းပါ။ သရက်သီး ၁၂ ပိဿာလျှင် သရက်ပြင် တစ်ပိဿာရပါက ကြာကြာအထားခံနိုင်ပါသည်။

      သရက်ပေါင်းပြုလုပ်ရန်အတွက် ယင်းပြင်းသရက်သီးများကို ရွေးချယ်၍ ရေဆေးပါ။ အခွံနွှာ၍ လက်မဝက်ခန့်အထူ အကွင်းလိုက်လှီးပါ။  ရေနွေး တစ်လီတာတွင် သကြား ၅၀ ကျပ်သား၊ တာရှည်ခံဆေးဖြစ်သည့် ပိုတက်ဆီယမ်မက်တာဘိုင် ဆာလဖိုက် ၁ ဂရမ်၊ သံပုရာရည် ဇွန်းကြီး နှစ်ဇွန်း  ဖျော်စပ်ထားသော စိမ်ရည်ထဲတွင် ၁၈ နာရီစိမ်ပါ။ ပြီးလျှင် ဆယ်ယူပြီးနေလှမ်းပါ။ အခြောက်မလွန်စေရန် ဂရုပြုရပါမည်။ မဆလာ၊ နွယ်ချို၊ ငရုပ်သီးမှုန့် ဆတူရော၍ သရက်သီးပေါင်း တွင် လူးနယ်စားသုံးနိုင်ပါသည်။

      သရက်ဖျော်ရည်ပြုလုပ်ရန်အတွက် မှည့်သော သရက်သီးများကို ရေဆေး၍ အခွံနွှာကာ ဆန်ခါဖြင့် အနှစ်တိုက်ထားပါ။ သရက်သီးအနှစ် ၆၀ ကျပ်သား၊ သကြား ၁၅ ကျပ်သား၊ ရေနွေး တစ်လီတာ၊ သံပုရာရည် စားပွဲဇွန်း ၂ ဇွန်း တို့ကို အချိုးအစားမှန်ကန်စွာရောစပ်ပြီး အသီးနှစ်ရည်ဖြင့် ရော၍မွှေပါ။ ပုလင်းများကို ကြိုတင်ဆေး၍ ပိုးသန့်စေရန် ပေါင်းထားပါ။ ဖျော်ရည်ကို ပုလင်းတွင် ထည့်ပါ။ ဖျော်ရည်ထည့်ထားသည့် ပုလင်းများကို အိုးကြီးတွင်ထည့်၍ အပူပေးကာ နာရီဝက်ပေါင်းပါ။ ထို့နောက် အအေးခံပြီး သောက်သုံးနိုင်ပါသည်။ တစ်နှစ်အထိ ကြာရှည်ထားနိုင်ပါသည်။

       သရက်ယိုပြုလုပ်ရန်အတွက် မှည့်သောသရက်သီးများကို ရေဆေး၍ အခွံနွှာကာ အတုံး သေးသေးတုံးထားပါ။ သရက်သီးမှည့်အတုံး တစ်ပိဿာလျှင် သကြား ၄၅ ကျပ်သား၊ သံပုရာရည် စားပွဲဇွန်း ၃ ဇွန်းရော၍ မီးအေးအေးဖြင့် အပူပေးပါ။ အမြဲမွှေပေးပါ။ အနည်းငယ်စေးပျစ်လာလျှင် သကြား ၁၅ ကျပ်သား၊ သံပုရာရည် တစ်ဇွန်းထပ်ထည့်၍ ညောင်စေးကျသည်အထိ ကျိုပေးပါ။ ညောင်စေးကျလျှင် ပုလင်းထဲ့သို့ထည့်ပါ။ အအေးခံပြီးလျှင် သုံးဆောင်နိုင်ပါသည်။

       သရက်သီးအစိမ်းယို ပြုလုပ်ရန်အတွက် သရက်သီးစိမ်း ၁၀ လုံးခန့်ကို အမျှင်ခြစ်ထား သောသရက်သီးအစိမ်းမျှင်၊ သကြား ၅၀ ကျပ်သား၊ ရေသန့် စတီးသောက်ရေခွက်တစ်ခွက် (၃၅၀ ဂရမ်ခန့်)၊ သံပုရာသီး သို့မဟုတ် ရှောက်သီးတစ်လုံးကိုညှစ်ထားသောအရည်၊ ထုံး စားပွဲနှစ်ဇွန်းတို့ လိုအပ်ပါသည်။ ပြုလုပ်ပုံမှာ သရက်စိမ်းမျှင်များကို ရေစင်စင်ဆေး၍ ရေစစ်ထားပါ။ ထုံးကို ရေ နှစ်လီတာတွင် ထည့်ဖျော်ပြီး အရည်ကြည်စစ်ယူပါ။ သရက်စိမ်းမျှင်များကို ထုံးရည်ကြည်တွင် ၂၀ မိနစ်ခန့်စိမ်ပါ။ ရေသန့်ကို သကြားထည့်ကာ သကြားရည်ကို ရေစစ်ဖြင့် စစ်ယူပါ။ ပြစ်လာသည် အထိ ကျိုပါ။ သကြားရည်တွင် သရက်စိမ်းမျှင်များကို ထည့်ပါ။ ဆားအနည်းငယ်ထည့်ပေးပါ။ မီးမပူ လွန်း မအေးလွန်းသော အခြေအနေဖြင့်ထားပါ။ သရက်မျှင်များ အရောင်ကြည်လင်တောက်ပလာပါ မည်။ ထိုအချိန်တွင် သံပုရာရည်ကိုထည့်ပါ။ အစပ်စားလိုပါက ငရုပ်သီးမှုန့်အနည်းငယ်နှင့် မဆာလာ  အနည်းငယ်ထည့်ပါ။ သရက်မျှင်များ တစ်ခုနှင့်တစ်ခု လှပစွာပူးကပ်လာပါက ဗန်းတွင်ဖြန့်၍ အအေးခံပါ။ အေးသည့်အခါ လေလုံဘူးတွင် ထည့်သွင်းထုပ်ပိုးပါ။

         သရက်သီးအစိမ်းသနပ် ပြုလုပ်ရန်အတွက် သရက်သီးအစိမ်း ၅ လုံး၊ ဆား ၂ ကျပ်ခွဲသား၊ လှော်ပြီးပဲနံ့သာစေ့ ငါးမူးသား၊ လှော်ပြီးမုန်ညင်းစေ့ ငါးမတ်သား၊ သနပ်မဆလာ ၂ ကျပ်ခွဲသား၊ ငရုပ်သီးမှုန့် ၂ ကျပ်ခွဲသား၊ ဆီ ၁၅ ကျပ်သား၊ ဂျင်း ၂ ကျပ်ခွဲသား၊ ကြက်သွန်ဖြူ ၅ ကျပ်သားနှင့် နနွင်းမှုန့်အနည်းငယ် လိုအပ်ပါသည်။ ပြုလုပ်ပုံမှာ သရက်သီးအစိမ်းများကို သင့်တော်သလို စိတ်ကြိုက်ပုံစံ အတုံးလေးများတုံးပါ။ ရေအေးအေးဖြင့် ၁၅ မိနစ်ခန့်စိမ်ပါ။ ထို့နောက် သရက်သီးများ ကို ဆယ်၍ ရေစစ်ထားပါ။ ဆားလူးနယ်၍ တစ်ညအိပ်ထားပါ။ နောက်နေ့တွင်နေလှမ်း၍ တစ်ည ပြန်စိမ်ပါ။ ပဲနံ့သာစေ့၊ မုန်ညင်းစေ့များကို သီးခြားစီရေဆေး၍ နေလှမ်းပါ။ မညက်တညက်ထောင်း ထားပါ။ သရက်သီးများနှင့် ပဲနံ့သာစေ့၊ မုန်ညင်းစေ့ထောင်းများကို ရောနယ်ပါ။ မဆလာတစ်ဝက်နှင့် ငရုပ်သီးမှုန့်တစ်ဝက်တို့ကိုပါ ရောနယ်၍ သန့်စင်အောင် အိုးတွင်နှပ်ထားပါ။ ဆီပူတွင် နနွင်းထည့်ပါ။ ဂျင်း၊ မဆလာနှင့် ငရုပ်သီးလက်ကျန်များကို ထည့်၍မွှေပါ။ နှပ်ထားသောသရက်သီးများကို ထည့်မွှေ ပါ။ သရက်သီးသနပ်ကို အအေးခံထားပါ။  ဆီပူတွင် နနွင်းထည့်ပါ ဂျင်း၊ မဆလာနှင့် ငရုတ်သီး လက်ကျန်များကို ထည့်၍ မွှေပါ။ နှပ်ထားသော သရက်သီးများ ထည့်မွှေပါ။ သရက်သီးသနပ်ကို အအေးခံထားပါ။ အေးလျှင် ပုလင်း/ ဘူးသို့ ထည့်ပြီး ကြက်သွန်ဖြူများ ဖြူးထည့်ပါ။ ဆီလက်ကျန် များကို အကုန်ထည့်၍ ဆီမြုပ်အောင်ထားပါ။ အနံ့ အရသာနှင့်ပြည့်စုံသည့် သရက်သီးသနပ်ကို ရရှိ မည်ဖြစ်ပါသည်။

        သရက်သီးအစိမ်း ခူးဆွတ်ရာတွင်ဖြစ်စေ၊ အခွံနွှာ၊ ခွဲစိတ်လှီးဖြတ်ရာတွင်ဖြစ်စေ အစေးလောင်မှုကို ဖြစ်စေသဖြင့် သတိပြုသင့်ပါသည်။ သရက်သီးအစိမ်း ခူးဆွတ်ရာတွင် သရက်စေး ထွက်ရှိမှု အားနည်းတတ်သည့် ညနေပိုင်းတွင် ခူးဆွတ်သင့်ပါသည်။ အစေးလောင်ခြင်းမှ ကင်းဝေး စေရန်အတွက် အခွံမနွာခင် သရက်သီးအညှာပိုင်းကို ဓါးဖြင့်လှီးဖြတ်၍ ရေထဲတွင် ခေတ္တစိမ်ထား သင့်ပါသည်။ အမှည့်လွန်သော သရက်သီးများသည် ဝမ်းပျက်ဝမ်းလျှောစေနိုင်သဖြင့် မစားမိစေရန် သတိပြုသင့်ပါသည်။ သရက်သီးသည် ယင်ကောင်ကြိုက် အစားအစာဖြစ်သဖြင့် ယင်ကောင်ပေါသည့် မိုးရာသီတွင် သရက်သီးခွဲစိတ်နေစဉ်နှင့် မစားသေးခင်အချိန်များတွင် ယင်မနားအောင် အထူး ဂရုပြုသင့်ပါသည်။

        နွေလယ်ကာလမှ မိုးနှောင်းကာလများအထိ ပေါပေါများများရရှိနိုင်သော သရက်သီးမှည့် များကို သရေစာအဖြစ် စားသုံးသကဲ့သို့ သရက်သီးရာသီမဟုတ်တော့သည့်အချိန်တွင် စားသုံးနိုင်ရန် အတွက်လည်းကောင်း၊ အရသာလည်းကောင်း အာဟာရလည်းကြွယ်ဝသည့် သရက်သီးများ အလ ဟဿမဖြစ်စေရန်အတွက်လည်းကောင်း သရက်သီးပြုပြင်ထုတ်လုပ်နည်းများကို လေ့လာမိသမျှ တင်ပြခြင်းဖြစ်ပါသည်။ သရက်စိုက်ပျိုးသူဝါသနာရှင်များ မိသားစုတပိုင်တနိုင် ပြုပြင်ထုတ်လုပ်ခြင်းမှသည် တန်ဘိုးမြှင့်ပို့ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြင့် အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)