ပါကစ္စတန်နိုင်ငံ၌ ပဲမျိုးစုံထုတ်လုပ်မှု နည်းပါး၍ ပြည်ပမှတင်သွင်းမှု မြင့်တက်

Powered by Drupal
ပါကစ္စတန်နိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း၌ပင် တန်ချိန် ၁.၃၂ သန်း၊ တန်ဖိုး ဒေါ်လာ ၉၁၈ သန်းသို့ ရောက်ရှိခဲ့ရာ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် တင်သွင်းခဲ့သော တန်ချိန် ၁.၃၁၅ သန်း (တန်ဖိုးဒေါ်လာ ၉၄၆ သန်း) ကို ကျော်လွန်ခဲ့ကြောင်း၊ ယခုနှစ် မေလအထိ တန်ဖိုး ဒေါ်လာ ၉၇၀ သန်းရှိသော ပဲမျိုးစုံ တန်ချိန် ၁.၄ သန်းကို တင်သွင်းထား သည့်အချက်က ၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် ဇွန်လကုန်၌ တင်သွင်းမှုစံချိန်အသစ် မှတ်တမ်းတင် မည်ကို ညွှန်ပြလျက်ရှိကြောင်း Pakistan Today သတင်းဌာနက ဖော်ပြပါသည်။ ယခုကဲ့သို့ ပဲမျိုးစုံတင်သွင်းမှုပမာဏ မြင့်တက်လာရခြင်းမှာ ပြည်တွင်းထုတ်လုပ်မှုနှင့် ဝယ်လိုအားတို့ ကွာဟချက်ကြောင့်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံ၏ ပဲမျိုးစုံထွက်ရှိမှု နိမ့်ကျနေခြင်းပင် ဖြစ်သည်။ ပါကစ္စတန်၏ နှစ်စဉ် ပဲမျိုးစုံလိုအပ်ချက်မှာ တန်ချိန် ၇ သိန်းမှ ၉ သိန်းအကြားရှိနေချိန်၌ ပြည်တွင်းထုတ်လုပ်မှုမှ ယင်းလိုအပ်ချက်ကို ပြည်မီအောင် ဖြည့်ဆည်းနိုင်ခြင်းမရှိသဖြင့် ပြည်ပမှ ပဲတန်ချိန် ၆ သိန်းမှ ၇ သိန်းအထိကို နှစ်စဉ်နှစ်တိုင်း ကုန်သည်များက တင်သွင်းလျက်ရှိသည်။ ပါကစ္စတန်နိုင်ငံ၏ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း စားသောက်ကုန်များ တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၇.၆ ဘီလီယံခန့်ရှိပြီး ၎င်းအနက် စားအုန်းဆီတင်သွင်းမှု၏နောက်၌ ပဲမျိုးစုံ တင်သွင်းမှုက ဒုတိယနေရာတွင် တည်ရှိနေသည်။ ပဲမျိုးစုံ၏ ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် ၆၅၉ ဒေါ်လာ နှုန်းမှ ၆၉၄ ဒေါ်လာနှုန်းသို့ မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်အတွင်း ပဲအမျိုးအစား အလိုက် ဈေးနှုန်းများမှာမူ အတက်အကျလမ်းကြောင်း ကွဲပြားလျက်ရှိသည်။ ပဲနီလေးဈေးနှုန်းများ သည် ကျဆင်းနေခဲ့ပြီး ပဲတီစိမ်းနှင့် မတ်ပဲတို့၏ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း သိရှိ ရသည်။ ၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကောက်ယူခဲ့သော စီးပွားရေးစစ်တမ်းတွင် ပြည်တွင်း၌ ပဲတီစိမ်း နှင့် မတ်ပဲတို့ကို စိုက်ပျိုးထွက်ရှိမှု လျော့ကျခဲ့ပြီး ပဲမျိုးစုံထုတ်လုပ်မှုမှာ ၁၆.၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုသို့ ထုတ်လုပ်မှုကျဆင်းခြင်းက သွင်းကုန်အပေါ် အမှီပြုရခြင်းကို မြင့်မားလာစေသဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ပြည်တွင်း ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်စေမည့် မဟာဗျူဟာတစ်ရပ် ရေးဆွဲဆောင်ရွက်ရန် ကျွမ်းကျင်ပညာရှင်များက အစိုးရသို့ တိုက်တွန်းပြောဆိုထားသည်။ ပြည်ပမှကုန်စည်များ အမြောက်အမြားတင်သွင်းနေရခြင်းကို အဓိကမောင်းနှင်တွန်းအား ပေးသည့် အချက်အဖြစ် ကြောင်းကျိုးဆီလျော်မှုရှိသော ကုန်သွယ်ရေးမူဝါဒ ကင်းမဲ့နေသည်ဟု ဝေဖန်သူများက ပြောဆိုလျက်ရှိကြသည်။ ကရာချိမြို့ ကုန်စည်လက်ကားရောင်းချသူများအသင်း ဥက္ကဋ္ဌ Rauf Ibrahim က သွင်းကုန်ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းကို တင်းကျပ်စွာထိန်းချုပ်ရန်နှင့် တင်သွင်းရန်လိုအပ်သော ကုန်စည်နှင့် ဟန်ချက်ညီညွတ်စွာ ပြည်တွင်းထုတ်လုပ်မှုရှိစေမည့် မူဝါဒ များချမှတ်ရန် လိုအပ်ကြောင်း၊ စားနပ်ရိက္ခာ ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုမိန့်များ ထုတ်ပေးခြင်း မပြုမီ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပမာဏနှင့် တင်သွင်းရန်လိုအပ်ချက်တို့ကို ဂရုတစိုက် လေ့လာ ဆန်းစစ်သင့်ကြောင်း ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ၌ ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးသည့် စိုက်ပျိုးရေးမူဝါဒများ ချမှတ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်လျက် သွင်းကုန်များအပေါ် ထိရောက်စွာ စီမံခန့်ခွဲလျက်ရှိကြောင်း၊ ပဲမျိုးစုံတင်သွင်းရန် နှစ်စဉ်သုံးစွဲရသည့် ငွေကြေးပမာဏသည် မကြာမီ ကာလ၌ ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်လာနိုင်ဖွယ်ရှိနေသဖြင့် ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု ကို အလေးပေးလုပ်ဆောင်သင့်ကြောင်းဖြင့်လည်း ကျွမ်းကျင်သူများက ထောက်ပြပြောဆိုကြ သည်။ အချို့ကမူ ပြုပြင်ပြောင်းလဲမှုများတွင် သင့်တင့်မျှတသည့် အခွန်စည်းကြပ်မှုဖြစ်ပေါ်စေရေး အတွက် ပဲကုန်သည်များနှင့် ပဲခွဲစက်လုပ်ငန်းများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်သတ်မှတ်ချက် များကို ပြန်လည်သုံးသပ်ခြင်းများ ပါဝင်သင့်ကြောင်း ပြောဆိုကြသည်။ ပါကစ္စတန်၏ ပဲမျိုးစုံတင်သွင်းမှု မြင့်မားနေရခြင်းသည် အာဖဂန်နစ္စတန်နှင့် အီရန်တို့ ကဲ့သို့ သော အိမ်နီးချင်းနိုင်ငံများသို့ ပဲမျိုးစုံအပါအဝင် အခြေခံစားသောက်ကုန် ပမာဏ အများအပြားကို ပြန်လည်တင်ပို့နေမှုနှင့်လည်း ဆက်နွယ်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ဟန်ချက်မညီမျှမှုကို ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရှိရသည်။ ပါကစ္စတန်ကောက်ပဲသီးနှံအသင်း၏ ဥက္ကဋ္ဌ Muzamil Chappal က ပြည်တွင်း၌ သီးနှံ စိုက်ပျိုးထုတ်လုပ်မှု နိမ့်ကျခြင်းနှင့် ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးနှုန်းများ ကျဆင်းနေခြင်းတို့က သွင်းကုန်ပမာဏ မြင့်မားလာစေသည့် နောက်ကွယ်မှ အကြောင်းတရားများဖြစ်ကြောင်း၊ အစိုးရ ၏ တရားဝင်ထုတ်ပြန်သော ပဲစိုက်ပျိုးမှု အချက်အလက်များမှာ မေးခွန်းထုတ်ဖွယ်ရှိကြောင်း၊ Sindh နှင့် Balochistan ကဲ့သို့သော ပြည်နယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုစာရင်းများမှာ ပိုမိုဖော်ပြ ထားသည်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားအရန်ငွေကြေးအပေါ် ဖိအားများမြင့်မားလာပြီး သွင်းကုန်ကဏ္ဍမှ အသုံးစရိတ်များ များပြားလာမှုနှင့်အတူ ပါကစ္စတန်၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု၌ မကြုံစဖူး ကြီးမားလာသည့် စိန်ခေါ်မှုများကို အလုံးစုံဖြေရှင်းနိုင်မည့် ရေရှည်တည်တံ့သော အဖြေတစ်ရပ်ကို ရှာဖွေရန် လိုအပ် လျက်ရှိကြောင်း Pakistan Today သတင်းဌာနက ရေးသားဖော်ပြထားပါသည်။ Source: Pakistan Today, 14 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)