နမ့်ဆန်မြို့ဝဥစိုက်ပျိုး မိသားစုဝင်ငွေတိုး

Powered by Drupal

            ယခုအခါတွင် ဝဥပင်များကို နေရာဒေသမရွေး  စိုက်ပျိုးကြပြီး တချို့ဒေသများတွင် တောတောင်အတွင်း၌ သဘာဝအလျောက် ပေါက်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ တောင်ကျော်ရွာနေ တောင်သူတစ်ဦး၏ ပြောပြချက်အရ ဝဥစိုက်ပျိုးခြင်းလုပ်ငန်းကို တစိုက်မတ်မတ် စိုက်ပျိုးလာခဲ့သည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ပြီး ဝဥမျိုးများကို ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ ၁ပိဿာငါးထောင်ကျော်ကျပ်နှုန်းဖြင့် မတ်လနှင့် ဧပြီလများတွင် ဝယ်ယူစိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် တူးဖော်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          အပင်စိုက်ပြီး လေးနှစ်သားအရွယ်တွင် ထုတ်ရောင်း၍ ရရှိနိုင်ပြီး ယခုအခါတွင် စိုက်ပျိုးစရိတ်၊ အလုပ်သမားခနှင့် သဘာဝမြေဩဇာ(နွားချေး) အကုန်အကျများသောကြောင့် ယခင်နှစ်များကဲ့သို့ ဈေးမရရှိသဖြင့် အချို့တောင်သူများမှာ ပြန်လည်စိုက်ပျိုးကြသော်လည်း အချို့တောင်သူများမှာ မျိုးဥများကိုရသည့်ဈေးနှင့် ရောင်းချရကြောင်း ပြောပြချက်အရ သိရှိရပါ သည်။

          ဝဥများကို တရုတ်နိုင်ငံနှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်က ဝဥထုတ် ကုန်များအား တရုတ်ပြည်အဝယ်ဒိုင်များမှ တိုက်ရိုက်ဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင်  အဝယ်မရှိ သလောက်နည်းပါးပြီး ယခင်နှစ်ထက် ဈေးကျလာကြောင်း သိရှိရပါသည်။

          ဝဥစိုက်ပျိုးခြင်းကို စနစ်တကျ စိုက်ပျိုးလုပ်ကိုင်ပြီး လေးနှစ်မှ ငါးနှစ်ဝန်းကျင်ခန့်အထိ အချိန် ပေးစိုက်ပျိုးမည်ဆိုပါက တောင်သူများအတွက် မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)