စားသုံးသူများအတွက် စုံစမ်းစစ်ဆေးအရာရှိ (Inspector)

Powered by Drupal

         စုံစမ်းစစ်ဆေးရေးအရာရှိလို ဆိုလိုက်တာနဲ့ ဘိုကေကိုကျော့နေအောင်ဖြီးထားတဲ့ ရဲယူနီဖောင်းဝတ်စုံအပြည့်နဲ့ စတိုင်မိတဲ့လူတစ်ဦးပေလား ဒါမဟုတ် ဦးစံရှားတို့လို အင်္ကျီလက်ရှည် အဖြူအပေါ် ဆွယ်တာဂျိုင်းပြတ်ကုတ်လေးဝတ် မာဖလာလေးပတ်၊ ပုဆိုးကြီးဝတ် Shoe ဖိနပ် လေးစီးကာ ဆေးတံ ကြီးကိုခဲပြီး မှန်ဘီလူးကြီးတစ်လက်နဲ့ ခြေရာကောက်လိုက်ရှာနေတဲ့ လူကြီးတစ်ယောက်ပေလား အတွေး ပေါင်းစုံဝင်နိုင်လာလောက်ပါတယ်။ အင်္ဂလိပ်စကား Inspector ကိုတော့ မြန်မာအသံဖလှယ်ပြီး “အင်စပက်တော်” ကြီး ခေါ်ဝေါ်ခဲ့ကြသလို Inspector ဆိုတာ နောက်ကွယ်ကနေ စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်ရတဲ့သူဖြစ်လို့ အများကတော့ အလွယ် တကူ“စုံထောက်”လို့လဲ ခေါ်ကြပါသေးတယ်။ “စုံထောက်” တွေရဲ့ အရေးပါမှုအပေါ် တင်စားထားတဲ့ အိန္ဒိယနှင့် တရုတ်ရုပ်ရှင်ကားတွေကိုလည်း တအံ့တဩနဲ့ ကြည့်ခဲ့ဖူးတာလဲ မှတ်မှတ်ရရပါ။ စာရေးသူအနေနဲ့ကတော့ စုံထောက်လို့ပြောလိုက်တာနဲ့ မြန်မာ နိုင်ငံရဲ့ နာမည်ကြီး စာရေးဆရာကြီး မင်းသိင်္ခ  ဖန်တီးပုံဖော်ထားခဲ့တဲ့ ဝတ္ထုဇာတ်ကောင် တစ်ဦးဖြစ်တဲ့ “ဆားပုလင်း နှင်းမောင်” ကိုဘဲ ပြေးမြင်မိပါသည်။ ဆရာကြီးရဲ့ဝတ္ထုတွေကို ဖတ်ရှုနေစဉ် ငယ်ရွယ်တဲ့ ကာလ တုန်းကလည်း“ဆားပုလင်းနှင်းမောင်”ရဲ့ ပုံရိပ်ကို စိတ်ကူးနဲ့ပုံဖော်ပြီး ဝတ္ထုကိုဖတ်ခဲ့ရတာလည်း အမောပါ။ “ဆားပုလင်း” ဆိုတာကတော့ အင်္ဂလိပ်စကား Survelliance ကို အသံထွက် အနီးစပ်ဆုံး မြန်မာဝေါဟာရဖြင့် မြန်မာမှုပြုပြီး ခေါ်ဝေါ်လာကြပေမဲ့ နောက်ပိုင်းအရပ်သုံး စကားတွေမှာ “လူဆိုး ထိန်းပုလိပ်”ဆိုပြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြတာပါ။ ဆရာကြီးမင်းသိင်္ခကလည်း သူရဲ့ဝတ္ထုတွေထဲမှာ “ဆားပုလင်း” ကို လူဆိုးထိန်းလို့ အဓိပ္ပါယ်ဖွင့်ပြီး ရေးသားခဲ့ပါတယ်။

      Inspector ကို “အင်စပက်တော်ကြီး” လို့ဘဲခေါ်ခေါ်၊ Survelliance ကို “ဆားပုလင်း”လို့ဘဲ သုံးသုံး နှစ်ခုစလုံးရဲ့ အဓိပ္ပါယ်ကတော့ “ စုံစမ်းစစ်ဆေး” ခြင်းပါဘဲ။ ကိစ္စအကြောင်းအခြင်းအရာ(သို့) ပြသနာ တစ်ရပ်ပေါ်ပေါက်လာခဲ့မယ်ဆိုရင်လည်း စုံစမ်းစစ်ဆေးဖို့ လိုအပ်သလို၊ ဖြစ်ပေါ်လာမဲ့ ပြသနာ တွေကို ကြိုတင်တားဆီးခြင်ရင်လည်း ကြိုတင်စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့နေရာတိုင်းမှာ “Inspector” ခန့်အပ်ထားလေ့ရှိတာကို စာရေးသူသိသလောက်ပြောပြရရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာလည်း “အင်စပက်တော်အရာရှိ” ခန့်အပ်ထားသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင်လည်း ပုလိပ်အင်စပက်တော် နှင့် ယစ်မျိုးအင်စပက်တော်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတွင်လည်း ကျန်းမာရေးအင်စပက်တော်၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်း ဓါတ်မြေ ဩဇာနှင့် ပိုးသတ်ဆေးများ စစ်ဆေးနိုင်ရန်အတွက် “စုံစမ်းစစ်ဆေးရေးမှူး” များ ခန့်အပ်တာဝန် ပေးအပ်ထားတာကို လည်း လေ့လာဖူးပါတယ်။ သက်ဆိုင်ရာဌာနတိုင်းက လိုအပ်ချက်အရ Inspector ခန့်အပ်ထား သော်ငြားလည်း ပိုမိုတိကျတဲ့ စစ်ဆေးမှုမျိုးလိုအပ်လာသည့်အခါ ပြသနာရဲ့ဖြစ်ရပ်မှန် ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးပြီးနောက် ဘယ်ဌာနရဲ့ဥပဒေနဲ့ သက်ဆိုင်တယ်၊ ဘယ်ဌာနက အရေးယူပေးလို့ ရ/မရ၊ ပြစ်မှုကြောင်းအရ အရေးယူ လို့ ရ/မရ ဆိုတာတွေကို ဖေါ်ထုတ် နိုင်ဖို့အတွက် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိသော “အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (အများအခေါ်စသုံးလုံး)” ကိုလည်းဖွဲ့စည်းထားသေးတာပါ။ ဒါကြောင့် “Inspector” လို့ပြောလိုက်တာနဲ့ “မြန်မာနိုင်ငံရဲတပ်ဖွဲ့” နှင့် “အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန” တွေကိုသာ ပြေးမြင်နေရမှာ မဟုတ်ဘဲနဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်တဲ့ ဌာနတိုင်းက ဥပဒေအရ “Inspector” ခန့်အပ်ထားနိုင်တယ် ဆိုတာလည်း သိရှိထားဖို့ လိုအပ်ပါတယ်။

          ဒီနေ့စာရေးသူ ဆွေးနွေးရေးသားချင်တဲ့ “Inspector” ကတော့ စားသုံးသူများအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားတဲ့ “စစ်ဆေးရေးအရာရှိ” အကြောင်းကိုပါ။ စားသုံးများအတွက် “စစ်ဆေးရေးအရာရှိ”ဟာ အဓိကအားဖြင့် အပိုင်း(၂)ပိုင်းကို စစ်ဆေးရတဲ့တာဝန်ရှိသူတွေဖြစ်ပါတယ်။ ပထမအပိုင်းအနေနဲ့ စစ်ဆေးရေးအရာရှိဟာ တိုင်ကြားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေး ပေးရပါတယ်။ စာရေးသူတို့ရဲ့ စားသုံးသူရေးရာဦးစီးဌာနဟာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက် အောက်မှာရှိပြီး စားသုံးသူတွေဟာ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကိုအသုံးပြု၍ ထိခိုက် နစ်နာမှု များအပေါ် တိုင်ကြားလာမှုများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေး လျက်ရှိပါတယ်။ ယင်းကဲ့သို့ တိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်ကြားမှုနှင့် ပတ်သက်ပြီး ပမာဏသတင်းယူ စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းလုပ်ငန်း ၊ တိုင်ကြားမှုအရ သိရှိလာသည့် သတင်း အပေါ် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း နှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ အမိန့်ချ အရေးယူမှု များပေါ် လိုက်နာဆောင်ရွက်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စစ်ဆေးရေး အရာရှိက ဆောင် ရွက် ပေးရပါတယ်။

         ဒုတိယအပိုင်းအနေနဲ့ စစ်ဆေးရေးအရာရှိဟာ ဈေးကွက်အတွင်း၌ ရှိသောကုန်စည် နှင့် ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရပါတယ်။  ဈေးကွက် အတွင်း ကုန်ပစ္စည်းများကို စောင့်ကြည့်စစ်ဆေးရာမှာတော့ ပြည်ပကတင်သွင်းလာသော ကုန်စည်နှင့် ပြည်တွင်း မှာထုတ်လုပ်လိုက်သော ကုန်စည်များသည် ဈေးကွက်ထဲကို မရောက်မီ ဘေးအန္တရာယ် ဖြစ်နိုင်ခြေ အခြေအနေတွေကို ကြိုတင်ပြီး စစ်ဆေးရသလို ဈေးကွက်ထဲရောက်ပြီးချိန်၌  ဘေး အန္တရာယ် ဖြစ်နိုင် ခြေရှိ/မရှိ အခြေအနေတို့ကို စစ်ဆေးဆောင်ရွက်ရပါတယ်။ ကုန်ပစ္စည်းတွေအပေါ်မှာ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)အရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထား ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ရပါတယ်။  ဘေးအန္တရာယ်ရှိတယ်လို့ သတင်း ရရှိပါ ကလည်း မှန်ကန်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ရပါတယ်။ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကလည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအတိုင်း ဆောင်ရွက်ပေးမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက် ပေးရပါတယ်။

        စစ်ဆေးရေးအရာရှိဟာ အဲ့လိုစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ပြီးတဲ့နောက်မှာ စစ်ဆေးလိုက် တဲ့ ကုန်စည်ဟာဘေးအန္တရာယ်ရှိတယ်လို့ ယူဆရရင် သက်ဆိုင်ရာအစိုးရနှင့် နိုင်ငံတကာ အသိ အမှတ်ပြု ဓါတ်ခွဲခန်းများတွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရန်ရေး၊ စမ်းသပ်စစ်ဆေးနေစဉ်ကာလအတွင်း ဆက်လက် ဖြန့်ဖြူးရောင်းချမှုမရှိစေရေး နှင့် စောင့်ကြည့်စစ်ဆေးတွေ့ရှိမှုများကို သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနကို သုံးသပ်ချက်များနှင့်တကွ တင်ပြဆောင်ရွက်ရပါတယ်။ ဒီနေရာမှာ စစ်ဆေးရေးအရာရှိ တစ်ဦး၏ တာဝန်ကတော့ စောင့်ကြည့်စစ်ဆေးခြင်းသာဖြစ်ပြီး ဖမ်းဆီးခြင်း နှင့် ပစ္စည်းတွေကို သိမ်းယူခြင်းဆိုတဲ့ လုပ်ပိုင်ခွင့်ဆိုတာ လုံးဝမရှိပါဘူး။ စောင့်ကြည့်စစ်ဆေးလိုက်လို့ တွေ့ရှိလာတဲ့ တွေ့ရှိချက်တွေအပေါ်မှာ ဘာဆက်လုပ်ပေးသင့်ပါတယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုပါ ထည့်သွင်းရေးသားပြီးမှ ဦးစီးဌာနကို သတင်းပေးပို့ရပါတယ် ။ ဥပမာ စုံစမ်းစစ်ဆေးလိုက်တဲ့ ကုန်စည် ဟာ ဘေးအန္တရာယ်ဖြစ်နေတဲ့ အတွက် ဒီကုန်ပစ္စည်းကို တားမြစ်ထားခြင်း(Ban) ဈေးကွက်အတွင်း မှပြန်လည်သိမ်းယူခြင်း( Recall) ပြုလုပ်သင့်သည်ဟု စစ်ဆေးရေးအရာရှိက ယူဆပါက သိမ်း ဆည်း မည့်နည်းလမ်းများ နှင့် သိမ်းဆည်းရာတွင် ပါဝင်သင့်သည့် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအား စနစ်တကျစာရင်းပြုစု၍ စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြရာတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ဆေး ရေးအရာရှိတစ်ဦး၏ သုံးသပ်ချက်ဟာလည်း ဌာနအတွက် ထိရောက်အသုံးဝင်သော တင်ပြချက်များ ဆိုရင်လည်း မမှားပါဘူး။

        စစ်ဆေးရေးအရာရှိ (၁)ဦးဟာ ဒီလိုစောင့်ကြည့်စစ်ဆေးခြင်း နှင့် သုံးသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများ( ဥပမာ FDA နှင့် တိုင်းရင်းဆေးဦးစီးဌာနများ) မှ တားမြစ်ထားထသော ကုန်ပစ္စည်းစာရင်း များကို သိရှိထားရခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ တားမြစ် ထားသော ကုန်ပစ္စည်းစာရင်းများအား သိရှိထားရခြင်း၊ သက်ဆိုင်ရာဌာနများမှ ကုန်ပစ္စည်းများ အပေါ် တွင် သတ်မှတ်ပေးထားသော Registration No နှင့် Notified No များ၏ အမှတ်အသားများကို လေ့လာထားရခြင်း၊ အခြားဌာနများတွင် ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများ၏ တာဝန်များ နှင့် ဥပဒေများကိုလည်း သိရှိနားလည်ထားရခြင်း၊ စစ်ဆေးရမည့်ကုန်ပစ္စည်းများသည် အိမ်(သို့မဟုတ်) ဂိုထောင်ကဲ့သို့သော အနေအထားတွင်ရှိနေပါက မည်သည့်ဌာနများကို ခေါ်ယူပြီးမှသာ စစ်ဆေး  ပိုင်ခွင့် ရှိခြင်းနှင့် မည်သည့်ဥပဒေများကိုလိုက်နာပြီးစစ်ဆေးရမည်ကိုလည်း သိရှိနားလည်ထားရခြင်း၊ စစ်ဆေး မည့် ကုန်ပစ္စည်းများကို အထူးစစ်ဆေးရန်လိုအပ်သည့် သက်ဆိုင်ရာဌာနများကိုလည်း သိရှိထားရန် လိုအပ်ခြင်း၊ ကုန်ပစ္စည်းများ၏ အတု/ အစစ် ဖော်ပြ ချက်များနှင့် ပတ်သက်သည့် အချက် အလက် များကို လက်လှမ်းမီသလောက် လေ့လာထားရခြင်း၊ စစ်ဆေး စောင့်ကြည့်မေးမြန်းရာတွင် ကုန်ပစ္စည်း များ သိုလှောင်ထားသည့် အခန်းအခြေအနေ၊ အခန်းအပူချိန်၊ နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှု အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးရခြင်း၊  စုံစမ်းစစ်ဆေးသည့်ဆိုင်တွင်  ကုန်ပစ္စည်းမှာ ယူတင်သွင်းသည့်နေရာများ နှင့် ထပ်မံဖြန့်ဖြူးသည့် ဆိုင် အရေအတွက် နှင့် နေရာများ စာရင်းကိုပါ အသေးစိတ်စုံစမ်းရခြင်း၊ စုံစမ်း စစ်ဆေးခံရသည့်ဆိုင်များ နှင့် စစ်ဆေးရေး အရာရှိများကြားတွင် ဆက်သွယ်မှု နှင့်သတင်းရယူမှုလွယ်ကူစေရန် ဆောင်ရွက်ထားရှိ ရခြင်းစသည့် အရည်အချင်းများစွာ ကိုလည်း ဖြည့်စွက်ထားရပါသည်။

      အရည်အချင်းကောင်းများ ပြည့်စုံသည့် စစ်ဆေးရေးအရာရှိများ ထွန်းပေါ်လာစေရေး အတွက် လည်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စစ်ဆေးရေး အရာရှိ သင်တန်းများကို ကျင်းပပြုလုပ်၍ တိုင်းဒေသကြီးပြည်နယ်များတွင် စစ်ဆေးရေး အရာရှိပေါင်း (၃၉၀)ဦး ကိုလည်း ဥပဒေနှင့်အညီ တရားဝင် ခန့်အပ်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း စစ်ဆေးရေးအရာရှိများမှ စစ်ဆေးသုံးသပ်ချက်များအပေါ် ထောက်ရှု၍ ကုန်ပစ္စည်း များကို ဓါတ်ခွဲစမ်းသပ်ခြင်း၊ ဈေးကွက်အတွင်းရောင်းချမှုကို တားမြစ်ခြင်း ၊ ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းယူခြင်း နှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ တရားစွဲဆိုခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်၍ စားသုံးသူများအကျိုးအတွက် တာဝန်ယူဆောင်ရွက်နေသည့် စားသုံးသူရေးရာ ဦးစီးဌာနရဲ့ စစ်ဆေးရေးအရာရှိ “ Inspector” အကြောင်း မီးမောင်းထိုး၍ ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ရန်ကုန်)