
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာ(၁၄၀)ကျော်နှင့် မြို့သစ်၊ နတ်မောက်မြို့ တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် မြေပဲ၊ ပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ နှမ်းဖြူ (၁)တင်း လျှင် ကျပ်(၁၀၅၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၂၆၀၀၀၀)၊ နှမ်းနက်(ရိုးရိုး)(၁)တင်းလျှင် ကျပ် (၂၂၀၀၀၀)၊ နှမ်းညိုကြား(၁)တင်းလျှင် ကျပ်(၉၂၀၀၀)ဖြစ်၍ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခု တစ်ပတ်တွင် နှမ်းဖြူ ကျပ်(၂၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၁၈၀၀၀)၊ နှမ်းနက်(ရိုးရိုး)ကျပ်(၁၀၀၀၀)၊ နှမ်းညိုကြား ကျပ်(၂၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် မိုးကြိုနှမ်းများ လှိုင်လှိုင်ထွက် ပေါ်လျက်ရှိပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း၊ မကွေးဈေးကွက်မှာ ရန်ကုန်၊ မန္တလေးရှိ Expoterများမှ နိုင်ငံခြားငွေလဲနှုန်းပေါ်မူတည်၍ ဈေးသတ်မှတ်ဝယ်ယူရာ ပြည်ပဝယ်လိုအားမြင့်တက် လာသည့်အတွက် ပေါ်စအချိန်ထက် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ (၃၀၀၀)၊ ရန်ကုန်မြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၅၈၀)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)