
ဟင်းဉာဏ်ခေါ် ဟင်းညံ့ပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှ ဖြစ်ပေါ်လာသော စမ်းချောင်းငယ်များ၊ စွတ်စိုသောမြေများတွင် ဟင်းညံ့ပင်များပေါများစွာပေါက်ရောက်လေ့ရှိပါသည်။ ဟင်းညံ့ပင်သည် ကြာဖူးများကဲ့သို့ ဟင်းညံ့အဖူးတွင် အပွင့်ကလေးများ ပွင့်သော အပင်တစ်မျိုး ဖြစ်ပါသည်။ အရိုးနှင့် အဖူးပါ (၂)မျိုးစလုံးစား၍ရသည့် အပင်ဖြစ်ပါသည်။ မိုးရာသီတွင် ဟင်းညံ့ပင်များသည် ဖြိုင်ဖြိုင်ထွက်ပေါ်သော အပင်မျိုးဖြစ်ပါသည်။ ကျေးလက်ဒေသများတွင် နှစ်ခြိုက်ကြသည့် ဟင်းလျာများတွင် ဟင်းညံ့ပင်သည်လည်း ပါဝင်ပါသည်။ ဟင်းညံ့ပင်မှာ ခံတွင်းမြိန်သော အစားအစာ ဟင်းလျာ ပင်လည်းဖြစ်သည်။ ဟင်းညံ့ကို ကြက်သွန်ဖြူ ဆီချက်ဖြင့် ကြော်ချက်၍ သော်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍ သော်လည်းကောင်း၊ချက်ပြုတ်၍ စားသောက်ကြသည်။ ဟင်းညံ့ကို ငါးနဲ့ချက်စားကြသလို သီးနှံမျိူးစုံနှင့်လည်း တွဲချက်ကြပါသည်။ ဟင်းညံ့ကို မန်းကျည်းရွက်၊ ကင်မွန်းချဉ်ရွက်၊ ပတက်စာ၊ ငှက်ပျောဖူး၊ ခရမ်းသီးအသေး၊ မုန်လာဥဖြူ ၊ ဗူးသီးနုနု စသည် တို့နှင့်လည်း တွဲဖက်ချက်စားကြပါသည်။ ငါးနှင့်ချက်စား၍လည်း စားကောင်းသလို မိုးရာသီနှင့် အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။ယခုအချိန်သည် မိုးရာသီဖြစ်၍ ဟင်းညံများ စတင်ထွက်ပေါ်လျှက်ရှိပြီး ဈေးကွက်အတွင်း၌ ဟင်းညံ့တစ်စည်း လျှင်(၃၀၀/၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိ ကြောင်းဟင်းညံ့ ခူးယူရောင်းချသူ တစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)