ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချနေသော အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

Powered by Drupal

           ဈေးကွက်အတွင်း တရားဝင်ဖြန့်ဖြူးရောင်းချနေသော အလှကုန်၊ လူသုံးကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရန်ကုန်ရုံးရှိ ပဥ္စမထပ် အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း အမှုထမ်းများ၊ ဖိတ်ကြားထား‌သောမိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလှကုန်အသင်းမှ တာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၁၂၉ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်ကျော်လွင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မိတ်ဆက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သတ်၍အဖွင့် စကားပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက်မြန်မာနိုင်အလှကုန်အသင်းဒုတိယဥက္ကဌ ဒေါ်နီနီအောင်က အသင်း၏သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရပါသည်။ ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ‌ဒေါက်တာမင်းဝန်က ဆွေးနွေးပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ဌာနမိတ်ဆက်နှင့်  MSME လုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦသိုက်စိုးက လိုင်စင်ဆိုင်ရာသိကောင်းစရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ဝါဝါခိုင်က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများနှင့် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)