
တောင်ငူမြို့သည် စစ်တောင်းမြစ်နှင့်ခပေါင်းချောင်း အနီးတွင်တည်ရှိသောကြောင့် ယခုလို မိုးကုန်ခါနီးတွင် ယင်းချောင်းများမှ ဖမ်းယူရရှိသော ဒေသငါးများပေါများသော ဒေသတစ်ခုဖြစ်ပါသည်။ မြစ်၊ ချောင်းများမှ ဖမ်းယူရရှိသောငါး၊ပုဇွန်များမှာ လတ်ဆတ်၍ ချိုသောကြောင့် လူကြိုက် များလှပါသည်။
တောင်ငူမြို့ရှိ စစ်တောင်းမြစ်နှင့်ခပေါင်းချောင်းဘေးတွင်တည်ရှိသော ကျေးလက်ဒေသမှ ယင်းမြစ်၊ ချောင်းများမှ ဖမ်းယူရရှိသော ငါး၊ ပုဇွန်များအား တောင်ငူမြို့ပေါ်ရှိ ဈေးများသို့ တိုက်ရိုက် သော်လည်းကောင်း၊ ဖောက်သည်သွင်း၍သော်လည်းကောင်း လာရောက်ရောင်းချလေ့ရှိပါသည်။ စားသုံးသူအိမ်ရှင်မများအနေဖြင့် တိုက်ရိုက်ရောင်းချသောဈေးသည်နှင့်တွေ့ပါက ဈေးနှုန်းချိုသာလေ့ ရှိပြီး ဖောက်သည်ယူ၍ ပြန်လည်ရောင်းချသူများထံမှ ဝယ်ယူပါက ဈေးနှုန်းအနည်းငယ်မြင့်ပါသည်။
ဒေသငါးနှင့်ပုဇွန်ဈေးနှုန်းများအနေဖြင့် ငါးခူ (၁) ပိဿာလျှင်ယခင်လက ၃၀၀၀၀ကျပ် နှင့် ယခုလတွင် ၂၀၀၀၀ကျပ်၊ ငါးနုသန်း ယခင်လက (၁) ပိဿာလျှင် (၃၅၀၀၀) ကျပ်နှင့်ယခုလတွင် ၂၅၀၀၀ကျပ်၊ ချောင်းပုဇွန်အလတ် (၁) ပိဿာလျှင် ယခင်လက ၄၀၀၀၀ကျပ် နှင့်ယခုလတွင် ၃၅၀၀၀ကျပ် ဖြင့်ရောင်းချပေးလျှက်ရှိရာ ယခင်လများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်း သွားကြောင်း တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ငါး၊ ပုဇွန် ရောင်းချသူတစ်ဦးထံမှ သိရှိခဲ့ပါသည်။
ယခုလိုရာသီတွင်မှ ပေါ်သော ဒေသငါးများကို ချက်စားပါက ခံတွင်းမြိန်စေသော ဟင်းတစ်ခွက် ဖြစ်ပါသည်။ မိခင်ကိုယ်ဝန်ဆောင်ချိန်မှ ကလေးအသက်နှစ်နှစ်အထိ ရက်ပေါင်း ၁၀၀၀ အတွင်း ငါးကလေးများကိုပုံမှန်စားသုံးခြင်းဖြင့် အဟာရချို့တဲ့မှုကို ကာကွယ်နိုင်ကြောင်းလည်း လေ့လာ သိရှိရပါသည်။ ထို့ကြောင့်နေ့စဉ်စားသုံးသော မိသားစုထမင်းဝိုင်းတွင် ရာသီပေါ် ဒေသတွင်းငါးဟင်းအား စားသုံးခြင်းဖြင့် ခံတွင်းမြိန်စေပြီး အဟာရလည်းပြည့်ဝ ကျန်းမာရေးနှင့်လည်း ညီညွတ်မှုရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)