
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင် ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးသည် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)ရှိနေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်တွင် သေချာပြန်လည်စစ်ဆေး၍ နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းအသက် (၁၈)နှစ် ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ အချိန်မီပြုလုပ်ပေးရန်လိုကြောင်း ” အမှာစကားပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအနက် နိုင်ငံသားစိစစ်ရေးကတ် မရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ပေးအပ်ခဲ့ကာ ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
