ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘူတာဈေးအတွင်း ရောင်းချနေသော ရှမ်းမြေပဲတောင့်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘူတာဈေးအတွင်းသို့ ရှမ်းပြည်နယ်ဒေသများမှ မြေပဲတောင့်အစိုများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီထွက်သီးနှံများကို စားသုံးသူများ အများအပြား ဝယ်ယူစားသုံးလာကြကြောင်း သိရသည်။ မြေပဲတောင့်အစိုများကို ရှမ်းပြည်နယ်၊ ပင်းတယ၊ အောင်ပန်း၊ ရေဦး၊ ရွာငံဒေသများမှ အဓိကတင်ပို့လာပြီး မြေပြန့်ဒေသများတွင် ထွက်ရှိမှုနည်းပါးသော အချိန်ဖြစ်သဖြင့် ဈေးကွက်တွင် ဝယ်လိုအားကောင်းမွန်နေကြောင်း သိရသည်။ မြေပဲစိုက်ပျိုးရာတွင် မြေပဲပင်များကို ကျင်းတူး၍ တစ်ကျင်းလျှင် နှစ်စေ့နှုန်းဖြင့် တစ်တောင်ခြား စိုက်ပျိုးကြပြီး သဲနှုန်းမြေပေါ်တွင် စိုက်ပျိုးပါက အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း သိရသည်။

            မြေပဲများအား နှုတ်ယူပြီးပါက မြေပဲတောင့်အစိုများကို ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချကြပါကြောင်း၊ ပုသိမ်မြို့ ဘူတာဈေးတွင် ရောင်းချနေသော မြေပဲတောင့်အစိုများ၏ ဈေးနှုန်းမှာ လက်ကားအနေဖြင့် (၁)ပြည်လျှင် (၃၀၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် (၁)ပြည်လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရသည်။ ဈေးသည်များမှ ရှမ်းမြေပဲများကို အစိမ်းရောင်းချသလို ပြုတ်၍လည်း ရောင်းချလျက်ရှိကြောင်း၊ မြေပဲကိုပြုတ်ပြီး ရောင်းချပါက (၁)ဗူးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း၊ ပြုတ်မြေပဲ (၁)ပြည်လျှင် (၆၀၀၀)ကျပ်ခန့် ရရှိသောကြောင့် ပိုမိုအကျိုးအမြတ်ရရှိကြောင်း သိရသည်။ မြေပဲစားသုံးခြင်းဖြင့် ပရိုတိန်းဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်တို့ ပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးကြောင်း၊ အဆစ်ရောင်ရမ်းခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း ကျန်းမာရေးအကျိုးကျေးဇူးများရှိသဖြင့် စားသုံးသူများ ဝယ်ယူစားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA (ဧရာဝတီ)