
ဆူးပုတ်ရွက်သည် ဆူးပုတ်ပင်ရဲ့ အရွက်ဖြစ်ပြီး အနုအညွှန့်ကိုသာ စားသုံးကြပါသည်။ ရိုးတံမှာ အဆူးလေးများပါတတ်ပြီး အရွက်မှာ နူးညံ့ပြီး အရသာရှိသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်သည်။ ပုသိမ်မြို့နယ်အတွင်းတွင် ဆူးပုတ်ပင်ကို အိမ်ခြံဝင်းအတွင်းများနှင့် ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများ ရှိကြပြီး စီးပွားဖြစ် စိုက်ပျိုးသူများလည်း ရှိကြောင်း တွေ့ရှိရပါသည်။ ယခုလို မိုးရာသီကာလသည် ဆူးပုတ်ရွက်ထွက်ရှိမှု ပိုမိုကောင်းမွန်သည့် အချိန်ဖြစ်ပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ယခု စက်တင်ဘာလ တတိယပတ်အတွင်း ပုသိမ်မြို့နယ်ရှိ ဈေးကြီးများနှင့် ကျေးရွာဈေးများတွင် ရောင်းချနေသော ဆူးပုတ်ရွက်သည် တစ်စည်း (သို့) တစ်အိတ်လျှင် ကျပ်သား (၂၀) ခန့် ပါဝင် ပြီး ဈေးနှုန်း (၁,၅၀၀) ကျပ် မှ (၂,၀၀၀) ကျပ် အထိရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ ဆူးပုတ်ရွက်ကို ငါးပိရည်ဖျော့ဖျော့နှင့် ချက်စားခြင်း၊ ပဲကြီးနှင့်ရောချက်ခြင်း၊ ကြက်ဥ၊ ဘဲဥများနှင့် ကြော်စားခြင်းများ ပြုလုပ်လေ့ရှိပြီး ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားသည့် ဟင်းလျာတစ်မျိုးဖြစ်သည်။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုနှင့်အတူ စိုက်ပျိုးသူများအတွက် အရောင်းအဝယ် သွက်လက်နေကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
