ပုသိမ်မြို့နယ်အတွင်း မျှစ်ဈေးကွက်အခြေအနေ

Powered by Drupal

           ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာဒေသများမှ ဒေသထွက် ပေါ်ဦးပေါ်ဖျားမျှစ်များ ဈေးကွက်သို့ စီးဝင်လာမှုနှုန်း မြင့်တက်နေပြီး မျှစ်များလှိုင်လှိုင်ပေါသည့် ရာသီဖြစ်သဖြင့် ဈေးနှုန်းများ သိသိသာသာကျဆင်းကာ အရောင်းအဝယ်  စည်ကားလျက်ရှိနေကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပုသိမ်မြို့၏ ဗဟိုဈေးနှင့် ရပ်ကွက်ဈေးများတွင် ရောင်းချလျက်ရှိသော မျှစ်၏ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ၂,၅၀၀ အထိရှိပြီး၊ ၅၀ ကျပ်သားအတွက် ကျပ် ၁,၀၀၀ မှ ၁,၂၀၀ ခန့် ဖြစ်သည်။ မျှစ်ပြုတ်အတွက်မူ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀ မှ ၃,၀၀၀ ကြား၊ ၅၀ ကျပ်သားအတွက် ကျပ် ၁,၃၀၀ မှ ၁,၆၀၀ ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသခံ ဟင်းသီးဟင်းရွက်ကုန်သည်များထံမှ သိရှိရသည်။

          ပုသိမ်မြို့သည် ကျေးလက်ဒေသများမှ ထွက်ရှိသော ကုန်ပစ္စည်းများ စုဝေးရာ ဗဟိုအချက်အချာနေရာဖြစ်သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ လယ်သမား၊ ကျေးရွာသားများက နံနက်ခင်းတိုင်း ခူးဆွတ်ရရှိသော လတ်ဆတ်သည့် မျှစ်စိမ်းများကို ပုသိမ်မြို့ဈေးများသို့ တင်ပို့ရောင်းချကြသည်။ မျှစ်ပြုတ်ကို အိမ်တွင်းမှာပြုတ်၍ ရောင်းချသူများလည်းရှိပြီး၊ မျှစ်ပြုတ်သည် ချက်ပြုတ်ရန် အဆင်သင့်ဖြစ်သည့်အတွက် မြို့သူမြို့သားများကြား ဝယ်ယူမှုများပြားသည်။

          ယခုလို မျှစ်ပေါသည့် ရာသီတွင် ဈေးနှုန်းသက်သာပြီး လတ်ဆတ်သောမျှစ်များကို ဟင်းချိုချက်၍ဖြစ်စေ၊ ပဲပြုတ်နှင့်ကြော်၍ဖြစ်စေ၊ အသားနှင့် ရောချက်၍ဖြစ်စေ စားသုံးလေ့ရှိသည့် ပုသိမ်မြို့သူမြို့သားများအတွက် ချက်ပြုတ်ရာတွင် မျှစ်သည် ဈေးနှုန်းချိုသာသော ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နေသည်။ ရာသီစာမျှစ်များ ပေါများချိန်ဖြစ်သဖြင့် ယခုလက်ရှိဈေးနှုန်းအတိုင်း ရက်သတ္တပတ်အနည်းငယ်ကြာ ဆက်လက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)