
ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်း လျှက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်သီးနှံကို လည်းစိုက်ပျိုးလျှက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း မိုးကြက်သွန်များအား ယခုအခါ စတင်စိုက်ပျိုး လျက်ရှိပါသည်။ မြို့နယ်အတွင်း မိုးကြက်သွန်နီ စိုက်ဧက(၃၄၃၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ခရိုင်အတွင် ယခုလက်ရှိ မိုးကြက်သွန် စိုက်ပျိုးမှု ကို မြစ်သားမြို့နယ်တွင်သာ အများဆုံး စိုက်ပျိုးကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကသဲကုန်း၊ လေးဆယ်ကုန်း၊ ဆည်ရွာများဖြစ်ပါသည်။
စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး (၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်း စိုက်ပျိုးရပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ကျပ် (၃၅)သိန်းကျော် ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် (၁)ဧက အထွက်နှုန်း (၃၀၀၀) ပိဿာကျော်ထွက်ရှိခဲ့ကြောင်း ၊ ယခင်နှစ် မိုးကြက်သွန်နီ စျေးနှုန်း အနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ထွက်ပေါ်ချိန်တွင် ၁ ပိဿာလျှင် (၂၈၀၀) ကျပ်ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး ကျပ်(၅၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ ယခု လက်ရှိ ကြက်သွန်ပေါက်ဈေးအနေဖြင့် အကြီး တစ်ပိဿာလျှင် (၁၈၀၀-၂၀၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၁၆၀၀-၁၇၀၀)ကျပ်၊ အသေးတစ်ပိဿာလျှင် (၁၄၀၀-၁၅၀၀)ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ မိုးကြက်သွန်နီပေါ်ချိန်တွင် ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှစိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ကြက်သွန်နီထွက်ရှိချိန်တွင် လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်ပြီး စျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်း နိုင်မည်ဖြစ်ကြောင်း မိုးကြက်သွန်နီစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရ ပါသည်။
DOCA(မန္တလေး)
