“ပဲစဉ်းငုံ(မိုးဦး)များအောင်မြင်ဖြစ်ထွန်းမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၄၅၈)ဧက၊မြစ်သား မြို့နယ်တွင်(၃၀၂)ဧက ၊ စုစုပေါင်း(၁၇၀၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှုများရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလနှင့်မတ်လ များတွင် စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲစဉ်းငုံအပင်များ အသီးအပွင့်ဝေဝေဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း ၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး အကျိုးအမြတ် အနေဖြင့်(၇၈၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် ပဲစဉ်းငုံများ ထွက်ပေါ်ခြင်းမရှိသေး သော်လည်း စျေးနှုန်းအနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျင်(၉၀၀၀၀/-) ကျပ်စျေးနှုန်းများရှိခဲ့ပြီး၊ အောက်တိုဘာလ ဒုတိယပတ်တွင် တစ်တင်းလျှင် (၇၃၀၀၀/-) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းပွဲရုံများမှသိရှိရပါသည်။ ပဲစဉ်းငုံကို ပဲဟင်း ၊ ပဲကြော် ၊ ပဲစဉ်းငုံ အသီးကို အစိမ်းပြုတ်၍ စားသုံးကြပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့်ပန်းနာရင်ကြပ်ရောဂါများကိုလည်း ပျောက်ကင်းစေသည့်အပြင်သွေးအားနည်းရောဂါ၊သွေးတိုးကိုကျစေပြီးကိုယ်ခံအားစနစ်ကိုကောင်းမွန် စေကြောင်း ၊ ပဲစင်းငုံထဲတွင်   ပိုတက်စီယမ် သတ္တုဓာတ်  အဓိက အများဆုံးပါရှိပြီး ၎င်းဓာတ်က ခန္ဓာကိုယ်ထဲ  ရောက်သွားသောအခါ ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးပါသည် ။ ထို့ကြောင့် သွေးတိုးရောဂါရှိသူများအနေဖြင့် ပဲစင်းငုံကို နေ့စဉ် စားပေးသင့်သည်။ ပရိုတင်းဓာတ် အပြည့်အဝပါရှိသည့် ပဲစင်းငုံကို စားပေးခြင်းဖြင့် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများ နှင့် အရိုးများကို ကောင်းစွာတည်ဆောက်စေကာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေကြောင်း ကျန်းမာရေး စာစောင်များမှ လေ့လာသိရှိရပါသည် ။ ပဲစဉ်းငုံ စားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိသဖြင့် စားသုံးသင့်ပါကြောင်းရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)