
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မုန်းနားစုကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်း ရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို စီးပွား ဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက်ရှိ သည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ပိန်းဥကို သားတက်(Sucker)မှလည်းကောင်း၊ ဥမွှာမှလည်းကောင်း၊ ပိန်းရိုး၏အရင်းမှလည်းကောင်း ထိပ်ဖျားမှ(၀.၅-၁)လက်မခန့်ဖြတ်၍ စိုက်ပျိုးနိုင်ကြောင်း၊ သားတက်မှစိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့် ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရကြောင်း၊ မြေသားနက်၍ လေဝင်လေထွက် ကောင်းမွန် ပြီး ရေမဝပ်စေရန်လိုအပ်ကြောင်းသိရသည်။ ပိန်းဥကို ရာသီမရွေး၊ နေရာဒေသမရွေး စိုက်ပျိုး နိုင်ပြီး စိုက်ပျိုးပြီးချိန်မှ (၆)လခန့် အကြာတွင် နှုတ်ယူရိတ်သိမ်းနိုင်ကြောင်းသိရှိရပါသည်။ ပွင့်ဖြူဒေသထွက် ပိန်းဥများကို မင်းဘူး၊ စကု၊ စလင်းနှင့် မကွေးမြို့များသို့တင်ပို့ရောင်းချပြီး ပေါ်ဦးပေါ်ဖျားအချိန် စက်တင်ဘာလဆန်းတွင် ပိန်းဥ တစ် ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဈေးကောင်းရရှိပြီး ပိန်းဥ လှိုင်လှိုင်ပေါ်ချိန်အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)အထိ ဈေးရရှိသောကြောင့် ပိန်းဥသီးနှံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေပိုမို ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
