
ကြက်သွန်နီသည်အနံ့ပြင်းသော်လည်းအာဟာရနှင့်ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူး များစွာပေးစွမ်းနိုင်သည်။ အထူးသဖြင့် အစိမ်းစားသုံးခြင်းဖြင့် အာနိသင်ပိုမိုထိရောက်စေပါသည်။ ခွန်အားနှင့်သုတ်ကိုပွားစေသည်။ ကြက်သွန်နီတွင် အရည်ဓာတ်(၉၀%)၊ ပရိုတိန်းဓာတ် (၁.၅%)၊ ထုံးဓာတ် (၁%)၊ အချဉ်ဓာတ် (၁%)၊ ခြင်ဆီဓာတ်(၀.၂%)၊ ဖော့(စ်)ဖာရပ် (၀.၁%)နှင့် သံဓာတ် အနည်းငယ်ပါဝင်သည်။ ၎င်းအပြင် ဗီတာမင်အေ၊ ဘီ၊ စီ စသည့်ဓာတ်များလည်း ပါဝင်သည်။ ကြက်သွန်နီ၏ ဆေးဘက်၀င်သတ္တိသည် အမွှန်ဓာတ်တွင် ပါရှိပါသည်။ အချို့လူများသည် အမွှန်ဓာတ်ကို မကြိုက်ကြသည့်အတွက် ဆေးဘက်ဝင်ကြက်သွန်နီကို မစားဖြစ်ကြပါ။ ကြက်သွန်နီ ကို ဓားဖြင့် လှီးသောအခါ အမွှန်ဓာတ် ထွက်လာပါသည်။ ထိုအမွှန်ဓာတ်ကို Allin ဟုခေါ်သည်။ Allin သည် လေထဲမှာရှိသည့် အောက်စီဂျင်နှင့် ဓာတ်ပြုသောအခါ volatile oile အဖြစ်ပြောင်းသွားပြီး လူကို အကျိုးပြု ဆေးဖြစ်သွားသည်ဟု သိရှိရပါသည်။ အညစ်အကြေးများကို ပြင်ပသို့ စုပ်ထုတ်နိုင်သော သတ္တိရှိပါသည်။ ကြက်သွန်နီ လှီးနေစဉ် မျက်ရည်များထွက်ကျသလို နှာခေါင်းထဲမှ အရည်များ ထွက်ကျလာတတ်ပါသည်။ ကြက်သွန်နီသည်နှလုံးကို သန်မာကြံခိုင်စေနိုင်ကြောင်း ကိုလည်း ပညာရှင်များတွေ့ရှိထားသည့်အတွက် နှလုံးရောဂါရှိသူကို ကြက်သွန်နီနေ့စဉ်စားသုံးခြင်း ဖြင့် နှလုံးပြန်လည် ကောင်းမွန်လာကြောင်း သိရှိရပါသည်။ ကြက်သွန်နီတွင် ပါဝင်သော Quercetin ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးကြောများကို ပျော့ပြောင်းစေပြီး သွေးတိုးကိုကျစေသည်။ သွေးခဲ ပိတ်ဆို့မှုနှင့် သွေးကြောထဲအဆီစုခြင်းကို ကာကွယ်ပေးသည်။ ဆာလဖာဒြပ်ပေါင်းများက အကျိုးမပြု ကိုလက်စထရောကို လျှော့ချပေးသည်။ ဗီတာမင်စီပါဝင်သဖြင့် သွေးဖြူဥဆဲလ်များ ထုတ်လုပ်မှုကို တိုးမြှင့်ပေးပြီး အအေးမိ၊ ဖျားနာမှုများကို တိုက်ဖျက်နိုင်သည်။ Antibiotic, Antimicrobial နှင့် Antiseptic ဂုဏ်သတ္တိများက ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ကာကွယ် ပေးသည်။ Allyl propyl disulfide ဒြပ်ပေါင်းက အင်ဆူလင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ဆီးချို ရောဂါကို ထိန်းပေးသည်။ အမျှင်ဓာတ်ပါဝင်သဖြင့် အစာစားပြီးချိန် သွေးတွင်းသကြားဓာတ် ရုတ်တရက်တက်ခြင်းကို ကာကွယ်ပေးသည်။ ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်းကို သက်သာစေသည်။ အူမကြီးလှုပ်ရှားမှုကို အားပေးကာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ ကယ်လ်ဆီယမ်ကြွယ်ဝသဖြင့် အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပြီး အရိုးပွ ရောဂါ၊ အရိုးပါးခြင်းမှ ကာကွယ်ပေးသည်။ Flavonoids နှင့် Phenolic ဒြပ်ပေါင်းများက ဆဲလ် ပျက်စီးမှုကို တားဆီးပေးပြီး အစာအိမ်၊ အူမကြီးနှင့် ဆီးကျိတ်ကင်ဆာများမှ ကာကွယ်ပေးသည်။ နနွင်းနှင့်တွဲစားပါက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ပိုမိုလျှော့ချပေးနိုင်သည်။ ကြက်သွန်နီစားသုံး ခြင်းကြောင့် ဦးနှောက်သို့ သွေးစီးဆင်းမှုကောင်းစေပြီး အိပ်စက်မှုကို နှိုးဆွပေးသော ဟော်မုန်းများ (ဒိုပါမင်၊ ဆီရိုတိုနင်)ထွက်ရှိစေသည်။ စိတ်ပျော်ရွှင်မှုဟော်မုန်းများ တိုးပွားစေသည်။ အစာအိမ် ရောဂါရှိသူများ အနေဖြင့် အစိမ်းစားခြင်းက ရင်ပူခြင်း၊ ပါးစပ်ပူလောင်ခြင်းကို ဖြစ်စေနိုင် သဖြင့် ရှောင်ရှားသင့်ပါကြောင်း လေ့လာဖတ်ရှု့ရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာဒုတိယပတ်တွင် ကြက်သွန်နီအကြီးတစ်ပိဿာလျှင် (၁၀၀၀-၁၃၀၀) ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၈၀၀-၉၀၀)ကျပ်ခန့်ပေါက်ဈေး များရှိကြောင်း သိရှိရသည်။
DOCA (မန္တလေး)
