ပြည်မြို့ရှိ ခဝဲသီးဈေးကွက်

Powered by Drupal

   လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့ပိုင်း ဆင်စုရပ်မြောက်ဘက်၊ ဆံတော်ရပ်၌ “သုဒဿန”မည်သော တောင်ကုန်းငယ်တွင် တည်ရှိ သည့် ရွှေဆံတော်ဘုရားကို မြသိတင် (မြသီးတင်) ဘုရားဟုလည်း ရှေးက ခေါ်တွင်ခဲ့သည်။ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၄) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၇ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ရက်မှစ၍ တန်ဆောင်မုန်း လပြည့်ကျော် (၂) ရက်၊ နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသည်။

          အောက်တိုဘာ၂၈ရက်၊ နံနက်၅နာရီခွဲအချိန်တွင် ဗုဒ္ဓမြတ်စွာအမှူးပြုသော ဩဝါဒစရိယ ဆရာတော်ကြီး (၁၀)ပါးနှင့် သံဃာတော် (၁၀၈) ပါးတို့ကို အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး နောက်  စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း(၄)ခု၌ သံဃာတော် ၂၇ပါးစီဖြင့် ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ကာ စေတီတော်လေးထပ်ဓမ္မာရုံ၌  တရားတော်နာယူပွဲ ကျင်းပမည်ဖြစ်ပါသည်။ ဆက်လက်၍ စေတီတော် ရင်ပြင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၄)နှစ် ပြည့် ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦး ဆိုင်းဘုတ်ရှေ့၌ ပွဲတော်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ၎င်းနောက် မြတ်စွာဘုရားရှင်နှင့် သံဃာတော်(၁၀၈)ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည် ဖြစ်သည်။ အောက်တိုဘာ ၂၉ရက်နေ့ နံနက်၉နာရီတွင်  ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပါယ်တော်မူသည့် စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ရောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်သည်။ အောက်တိုဘာ ၃၁ရက် ညနေ ၄နာရီခွဲတွင် ရင်ပြင်တော်ကျားပျံဓမ္မာရုံ၌ (၁၂၆) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၂ရက်၊ နိုဝင်ဘာ ၁ ရက် နံနက် (၆:၀၀) နာရီအချိန်တွင် မြတ်စွယ်တော်တိုက်အတွင်း၌ ဗုဒ္ဓမြတ်စွယ်တော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲနှင့် နိုဝင်ဘာ ၂ရက် မွန်းလွဲ ၃နာရီတွင် ဗုဒ္ဓ မြတ်စွယ်တော်ကို ရင်ပြင်တော်ပေါ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်သုံးကြိမ် လှည့်လည်အပူဇော်ခံပွဲတို့ ကျင်းပမည် ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွယ်တော်ကို  အများပြည်သူဖူးမြော် ကြည်ညိုနိုင်ရန် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ နိုဝင်ဘာ ၃ရက်မှ ၅ရက်အထိ နေ့စဉ်နံနက် ၅နာရီခွဲမှ ည၉နာရီအထိ အပူဇော်ခံမည်ဖြစ်ကာ နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခွဲတွင် ဗုဒ္ဓမြတ်စွယ်တော် ကို တစ်နှစ်တာ ကိန်းဝပ်စံပါယ်တော်မူမည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည် ပင့်ဆောင်ပြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲ အောင်ပွဲ/ပိတ်ပွဲအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် နှစ်စဉ် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပါသည်။ ဗုဒ္ဓပူဇနိယပွဲတော် ၁၀ ရက်ကာလအတွင်း ဇာတ်သဘင်ပွဲနှင့် မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပွဲအပါအဝင် အခြားပျော်ပွဲရွှင်ပွဲ များနှင့် ပြည်ဒေသထွက် ရိုးရာအစားအစာများနှင့် အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချသည့် ပွဲဈေးဆိုင်ခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကာ ရပ်ဝေးရပ်နီးမှ ဘုရား ဖူးလာပြည်သူများအနေဖြင့် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓမြတ်စွယ်တော်အား အနီးကပ် ဖူးမြော်ကြည်ညို ကုသိုလ်သဒ္ဓါပွားများနိုင်ပြီး မည်သူမဆို ဗုဒ္ဓပူဇနိယပွဲတော်တွင် ပျော်ရွှင်စွာလာရောက် ပါဝင်ဆင်နွှဲနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

DOCA(ပဲခူး)