
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့် စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ပဲကြီးသီးနှံ ကိုလည်းစိုက်ပျိုးလာကြပါသည် ။ ယခုအချိန်တွင် အချို့ယာမြေများပေါ်တွင် စတင်စိုက်ပျိုးနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်မွှေ၊ စိုက်ကြောင်းဆွဲပြီး ကျင်းဖောက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ အလုပ်သမားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ကုန်ကြကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့်ပဲကြီးအခြောက် (၁၀-၁၂)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ဈေးနှုန်းအနေဖြင့်ပဲကြီးအခြောက်တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ် ပဲကြီးအစို(၁)ပြည်လျှင်(၂၅၀၀-၃၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ကြောင်း ၊ ရိတ်သိမ်းပြီး ပဲကြီးအခြောက်များကို ဒေသတွင်းရှိ ပွဲရုံများကိုသာ ရောင်းချကြပြီး ပဲကြီးလှော် ၊ ပဲကြီးကြော် လုပ်ငန်းရှင်များမှလည်း ကျေးရွာအရောက် လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ် အနေဖြင့် (၅၀၀၀၀၀/-)ကျပ် ဝန်းကျင်မြတ်ခဲ့ကြောင်း ၊ ယခုအချိန်တွင် မိုးရွာသွန်းမှု ကောင်းသောကြောင့် ပဲကြီးပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပဲကြီးသီးနှံကို စိုက်ပျိုးသည်မှရိတ်သိမ်းပြီးသည်အထိ (၃)လမှ(၆)လကြာမြင့်ပါကြောင်း ၊ စိုက်ပျိုးပြီး(၃)လအကြာ တွင် အဖူးအပွင့်များစတင်ဖူးပွင့်ကြောင်း ၊ (၄-၅)လ အကြာတွင် ပဲကြီးအစိုများ စတင်ခူးဆွတ်နိုင် မည်ဖြစ်ကြောင်း၊ယခုအချိန်တွင် ပဲကြီးများ ထွက်ပေါ်ခြင်း မရှိသေးသော်လည်း ပဲကြီးစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၁၁၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်လျက်ရှိကြောင်း၊ပဲကြီးများထွက်ပေါ်ချိန်တွင်အထွက်နှုန်းနှင့်စျေးနှုန်းများကောင်းမွန်ပါကတောင်သူများအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်းပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
