မြင်းခြံမြို့နယ်၏မိုးငရုတ်ခြောက်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

               မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ် များကိုလည်းစိုက်ပျိုးထားကြောင်း၊  မိုးငရုတ်ခြောက်ကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင် စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

            ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်ခြောက်စီမံကိန်းဧက (၅၁၀) လျာထားခဲ့ပြီး စိုက်ပျိုးပြီးဧက (၇၅၃) ဧကစိုက်ပျိုးထားရှိပြီး လျာထားဧက ထက်(၂၄၃) ဧကပိုမိုစိုက်ပျိုးခဲ့ကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်ခြောက်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာ၊ဂေါင်းကွဲရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထား ကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် ငရုတ်သီးစိမ်း တစ်ပိသာလျှင် (၄၅၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ဒေသတွင်းရောင်းချသော ငရုတ်သီးစိမ်းများကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများမှ တင်သွင်းရောင်းချကြောင်း၊ ထွက်ပေါ်ချိန်တွင် ငရုတ်သီး စိမ်း/ခြောက်များကို မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)