
မြင်းခြံမြို့နယ်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဗမာခရမ်း ချဉ်သီးများကိုလည်း အနိမ့်ရွာ၊ ခေါင်းကွဲရွာ၊ ပတ္တာရွာ၊သိမ်ရွာနှင့် သဲဖြူဝရွာများတွင် စီးပွားဖြစ် စိုက်ပျိုးထားရှိပြီး စိုက်ဧက(၁၅)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ စိုက်ပျိုးချိန်မှာ ဇူလိုင်လမှစ၍ အောက်တိုဘာလ အထိစိုက်ပျိုးကြပြီး၊ နိုဝင်ဘာလမှစ၍ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။ ခရမ်းချဉ်မျိုးစေ့ကို ပျိုးဘောင်တွင်ပျိုးပြီး ၂၀-၂၅ ရက် အရွယ်ရောက်ရှိချိန်တွင် စိုက်ခင်းထဲသို့ ရွှေ့ပြောင်းပေးရကြောင်း၊ စိုက်ခင်းထဲ၌ တစ်ပင်နှင့် တစ်ပင်(၁)ပေခွဲကနေ (၂)ပေအထိခွာ ပြီးစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးချိန်မှ (၃)လကြာလျှင် အသီးများစတင်ဆွတ်ခူးကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ဗမာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ တောင်သူများကိုယ်တိုင် အေးမြသီတာဈေးနှင့် စံပြဈေးများသို့ လာရောက်ရောင်းချကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဗမာခရမ်းချဉ်သီးများ ဈေးကောင်းရရှိ၍ စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်လည်းရရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
DOCA (မန္တလေး)
