ဟင်္သာတခရိုင် မိုးစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်သည် မိုးစပါး စိုက်ဧက နှစ်သိန်းငါးသောင်းကျော် စိုက်ပျိုးပြီး ဆင်းသုခ စပါးမျိုး ဧက တစ်သိန်းခြောက်သောင်းကျော် စိုက်ပျိုးသောဒေသ ဖြစ်ပါသည်။ ဟင်္သာတခရိုင်သည် နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၃.၀၆ လက်မ ရွာသွန်းပြီး ၂၀၂၂ ခုနှစ် မိုးရာသီတွင် မိုးပိုခဲ့သည့်အတွက် ဩဂုတ်လကုန်တွင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန်လက်မသို့ ရောက်ရှိခဲ့ပြီး မိုးလယ်၊ မိုးနှောင်းကောင်းသောနှစ်ဖြစ်ပါသည်။ သက်တမ်း ရက် ၁၃၅ ရှိသောဆင်းသုခ၊ သက်တမ်း ၁၁၅ ရက်ရှိ GW-11 မိုးစပါးများ အောက်တိုဘာ ဒုတိယပတ်တွင် လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကွက်ဝင်ရောက်လာပါသည်။

      စပါးဈေးမှာလည်း ကောက်စောပေါ်ချိန် စက်တင်ဘာနောက်ဆုံးပတ်တွင် ဆယ်သိန်းမှ ဆယ်သိန်းခွဲဈေးပေါက်ခဲ့ပြီး မိုးရွာသွန်းသော အောက်တိုဘာ ပထမပတ်တွင်သာ ကိုးသိန်းရှစ်သောင်း၊ ကိုးသိန်းခုနှစ်သောင်း ဈေးပေါက်ပြီး  ဆယ်သိန်းဈေးအောက်အနည်းငယ်ကျဆင်းခဲ့သော်လည်း၊ အောက်တိုဘာ ၁၂ရက်မှစ၍ ဆယ်သိန်းပြန်ကျော်ခဲ့ပြီး၊ အောက်တိုဘာ ၁၈ ရက်နေ့၌ အစိုဓာတ် ၂၀ ရာနှုန်း အောက်၊ ဆင်းသုခစပါး ပေါင် ၅၀ တင်းတရာလျှင် ဆယ်သိန်း ခုနှစ်သောင်း၊ အခြားစပါးမျိုး ဆိုလျှင် ဆယ်သိန်းငါးသောင်းဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

      ယခုအခါ စိုက်ပျိုးထုတ်လုပ်ရာတွင် တောင်သူ ၇၀ ရာနှုန်းခန့်သည် ပျိုးထောင်စိုက်ပျိုးခြင်းအစား ကြဲခင်းစိုက်နည်းစနစ်ကိုသာ အသုံးပြုလာကြပြီး၊ တလင်းပျောက်စနစ်ဖြစ်သော ကွင်းအတွင်း ရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းပြီး ပွဲစားသို့မဟုတ် စက်ပိုင်ထံတိုက်ရိုက်ရောင်းချခြင်းကို ပြုလုပ်လာကြပါသည်။ ဟင်္သာတမြို့၊ စခန်းကြီးကျေးရွာမှ လယ်ဧက ၅၀ခန့်လုပ်ကိုင်သော တောင်သူဦးတင်အောင်ချိုက ပြော ကြားရာတွင် ယခုနှစ်တွင် စိုက်စရိတ်မှာ ယခင်နှစ်များထက်ကြီးမြင့်သည့်အတွက် သွင်းအားစုထည့်သွင်း မှုလျော့နည်းခြင်း၊ စပါးပွင့်ဖူးချိန်တွင် မိုးကောင်းလွန်းခြင်း၊ ကြဲခင်းစိုက်နည်းစနစ်ကို အသုံးပြုလာသည်မှာ လေးနှစ်ခန့်ရှိလာပြီဖြစ်သည့်အတွက် ဧက ၅၀ကိုနှစ်စဉ် စပါးတင်းလေးထောင်ကျော်ရရှိရာမှာ ယခုနှစ်တွင် တင်း၃၅၀၀ ကျော်သာရရှိသည့်အတွက် အထွက်နှုန်းမှာ အနည်းငယ် လျော့နည်းလာကြောင်းနှင့် လာမည့်နှစ်တွင် ပျိုးထောင်စိုက်ပျိုးခြင်းကို ငါးဆယ်ရာနှုန်းလောက် ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      အောက်တိုဘာ ၁၈ရက်နေ့ ဧည့်မထ ဆန်သား ၈၅ရာနှုန်း၊ ပေါင်၁၁၀တစ်အိတ်ဈေးနှုန်းမှာ ၄၁၂၀၀ ကျပ်၊ ဆန်ကွဲ ၁၀၈ ပေါင်တစ်အိတ်ဈေးမှာ ၃၉၀၀၀ကျပ်၊ ဖွဲနုပေါင် ၇၀တစ်အိတ်ဈေးမှာ ၁၇၅၀၀ ကျပ်ဈေးပေါက်နေသည့်အတွက် စပါး ၁၀၀ အထွက်နှုန်းကို ဟင်္သာတမြို့၊ နတ်မော်ကျေးရွာမှ ဆန်စက် လုပ်ငန်းရှင် ဦးဆန်းလွင်နှင့် တွေ့ဆုံမေးမြန်းရာတွင် အစိုဓာတ် ၁၅ ရာနှုန်း၊ ဆင်းသုခ ၄၆ ပေါင် တင်းတ ရာလျှင် ဆန်သား ၈၅ ရာနှဒန်း ပေါင် ၁၁၀ အလေးချိန်ရှိ ဆန်(၂၃)အိတ်၊ ဆန်ကွဲ ၁၀၈ ပေါင်(၅)အိတ်၊ ဖွဲနု ပေါင် ၇၀(၅)အိတ်ခန့် ထွက်ရှိသည့်အတွက် စပါးတင်း ၁၀၀ ကြိတ်ခွဲထုတ်လုပ်ပါက ၁၂၃၀၀၀၀ ကျပ်ခန့် ရရှိနိုင်ပြီး၊ ကုန်ကျငွေမှာ စပါး၁၀၀ တန်ဘိုး၊ စပါးအခြောက်ခံခ၊ စက်ကြိတ်ခ၊ ကားတင်ချ လုပ်သားခ စုစုပေါင်းမှာ ၁၁၆၀၀၀၀ ကျပ် ခန့်ကုန်ကျသည့်အတွက် ဆန်စက်ပိုင်ရှင်အနေဖြင့် စပါးတရာလျှင် ၇၀၀၀၀ ကျပ်ခန့်အမြတ်ရှိကြောင်းသိရှိရပါသည်။ ဆန်ကုမ္ပဏီများနှင့် ရန်ကုန်ဝယ်လက်များ အဝယ် လိုက်လာသဖြင့် ဆန်ဈေးမှာ လက်ရှိဈေးတန်းတွင် တည်ငြိမ်နိုင်သဖြင့် စပါးဈေးမှာ ဆယ်သိန်းအောက် မကျနိုင်ကြောင်းလည်း သိရှိရပါသည်။

      ဟင်္သာတခရိုင်ရှိ တောင်သူများမှာလည်း ဆောင်းသီးနှံ မတ်ပဲအမှီ ရိတ်ခြွေစက်များဖြင့်သာ ရိတ်သိမ်းကြသည့်အတွက် အောက်တိုဘာလလယ်တွင် စိုက်ဧကအားလုံး၏ ၅၀ ရာနှုန်းခန့်ရိတ်သိမ်းပြီးဖြစ် ကာ တစ်ဧကကုန်ကျစရိတ်မှာလည်း ယခင်နှစ်ထက် မြင့်တက်ပြီး ကျပ်လေးသိန်းကျော်ခန့် ရှိကာ စပါး ဈေးမှာဆယ်သိန်းကျော် ရရှိသဖြင့် အထွက်နှုန်း တစ်ဧက တင်း(၇၀)နှုန်းဖြင့် တွက်ပါက တောင်သူတွေ အနေနှင့် တွက်ချေကိုက်မှုနည်းသော်လည်း၊ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်း၊ သဘာဝမြေဩဇာကို အသုံးပြုခြင်း၊ ကြဲခင်းထက်စိုက်ခင်းကို ပိုမိုစိုက်ပျိုးခြင်းဖြင့် ပေါင်းသတ်ဆေးသုံးစွဲမှု လျောချနိုင်၍ မြေဆီ လွှာဆုံးရှုံးမှု လျော့နည်းစေကာ တစ်ဧကထွက်နှုန်းတိုးတက်စေပြီး၊ ရိတ်သိမ်းပြီးပါကလည်း သတ်မှတ် အစိုဓာတ်ရရှိအောင် နေလှမ်းခြင်း၊ အခြောက်ခံခြင်း တို့ပြုလုပ်ပြီး ဈေးစောင့်ရောင်းချခြင်းဖြင့် စပါးစိုက်တောင်သူတို့အတွက် ပိုမိုတွက်ချေကိုက် အကျိုးရှိစေမှာဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)