လက်တင်အမေရိကနိုင်ငံ ၄ နိုင်ငံအပေါ် အခွန်စည်းကြပ်မှုကို အမေရိကန်အစိုးရက တစ်စိတ်တစ်ပိုင်း ဖယ်ရှားခဲ့

Powered by Drupal

         အာဂျင်တီးနား၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒေါနှင့် အီကွေဒေါနိုင်ငံများအကြား နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက် မူဘောင်များကို အမေရိကန် အစိုးရက အကောင်အထည် ဖော်လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ သဘောတူညီချက်များအောက်တွင် အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးခြင်း၊ တူးဖော်ခြင်း သို့မဟုတ် သဘာဝအတိုင်း ထုတ်လုပ်ခြင်းမပြုနိုင်သော အချို့သောပစ္စည်းများအပေါ် အပြန်အလှန်အခွန်စည်းကြပ်ခြင်းကို ဖယ်ရှားမည်ဖြစ်သည်။ လေးနိုင်ငံသည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် နယ်ပယ်များစွာတွင် ၎င်းတို့၏စျေးကွက်များ ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။ သဘောတူညီချက်များအရ အမေရိကန်သည် ဂွာတီမာလာနှင့် အယ်လ်ဆာ ဗေဒိုနိုင်ငံတို့မှ အထည်အလိပ်နှင့် အဝတ်အထည်ထုတ်ကုန်များအပေါ် အပြန်အလှန် အခွန်စည်းကြပ်မှုများကို ဖယ်ရှားမည်ဖြစ်သည်။ အထူးသဖြင့် အာဂျင်တီးနားသည် အချို့သော ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ စက်ယန္တရားများ၊ သတင်းအချက်အလက် နည်းပညာပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ မော်တော်ယာဥ်များနှင့် လယ်ယာထွက်ကုန်အများအပြား အပါအဝင် အမေရိကန်ကုန်ပစ္စည်းတင်ပို့မှုအတွက် ဦးစားပေးစျေးကွက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်သည် အာဂျင်တီးနား၊ ဂွာတီမာလာနှင့် အယ်လ်ဆာဗေးဒေါနိုင်ငံတို့မှ ကုန်ပစ္စည်းအများစုအပေါ် အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းနှင့် အီကွေဒေါနိုင်ငံမှ ကုန်ပစ္စည်းအများစုအပေါ် ၁၅ ရာခိုင်နှုန်းအထိ တိုးကောက်မည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ အိမ်ဖြူတော်သည် လာမည့်သီတင်းပတ်များအတွင်း သဘောတူညီချက်များကို အပြီးသတ်ရန် မျှော်လင့်ထားသည်။ ယခုနှစ်အစောပိုင်းတွင် အမေရိကန်အစိုးရမှ အပြန်အလှန်အကောက်ခွန်စည်းကြပ်မှုများသည် မကြာသေးမီလများအတွင်း ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများကို တွန်းအားပေးခဲ့ပြီး စက်တင်ဘာလတွင် အမေရိကန်စားသုံးသူစျေးနှုန်းညွှန်းကိန်းသည် တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ငှက်ပျောသီး၊ ကော်ဖီနှင့် ကိုကိုးကဲ့သို့သော ကုန်ပစ္စည်းများအပေါ် အပြန်အလှန် အကောက်ခွန်များလျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုဖိအားများကို သက်သာစေရန် မျှော်လင့်ထားကြကြောင်းလည်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)