
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ-ရေစကြို ကားလမ်း ဘေးဝဲယာရှိ မြေခဲတောင်၊ ကိုင်းမကျီး၊ ပခန်းကြီး၊ မြေဖြူ၊ ဂွေးချို၊ စည်သာ၊ ဆင်ချောင်း ကျေးရွာများ မှာ ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးခဲ့သည့်ဝါသီးနှံများ လှိုင်လှိုင်ထွက်ပေါ်သည့်အတွက် ဝါစိုက် တောင်သူသာမက ကျေးရွာနေပြည်သူများပါ ဝါစွတ် (ဝါကောက်) ရ၍ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိနေကြောင်း စည်သာကျေးရွာနေ ဝါစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ဝါသီးနှံများကို နှမ်း၊ မြေပဲ၊ ပဲတီစိမ်း သီးနှံခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့် စိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးကြပါသည်။ မျိုးများအနေဖြင့် ဒေသမျိုး၊ ငွေချည်-၉၊ ရွှေတောင်-၁၀၊ ချည်မျှင်ရှည်ဝါများကို ဩဂုတ်လတွင် စတင်စိုက်ပျိုးကြကြောင်း၊ မိမိအနေဖြင့် ယခုနှစ်တွင် (၅)ဧက စိုက်ပျိုးထားရှိကြောင်း (၁)ဧက အနေဖြင့် မျိုးစေ့ (၇)ပိဿာခန့် ကုန်ကျပြီး ထွန်ယက်ခ၊ မျိုး၊ စိုက် စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်း တို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်(၇) သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၁) ဧကတွင် (၂၀၀ မှ၃၀၀) ပိဿာ ထွက်ရှိနိုင်ကြောင်း၊ လက်ရှိ (၁) ပိဿာလျှင် ကျပ်(၃၀၀၀ မှ ၃၈၀၀)ခန့် ပေါက်ဈေးရှိကြောင်း အကျိုးအမြတ်အနေဖြင့် ကျပ်(၃) သိန်းခန့်ရရှိနိုင်ကြောင်း သိရှိရပါသည်။
ဝါသီးနှံကို ယခုလက်ရှိ မိမိအနေဖြင့် (၁)ဧကတွင် ပထမအကြိမ် ဝါစွတ်(ဝါကောက်) ခဲ့ရာ (၁၂၀) ပိဿာခန့် ရရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁) ပိဿာလျှင် ကျပ်(၃၈၀၀)ဖြင့် ရောင်းချခဲ့ရသည့် အတွက် စိုက်ပျိုးကုန်ကျစရိတ် ထက်ဝက်ကျော် ပြန်လည်ရရှိခဲ့ပြိး ဒုတိယအကြိမ် ဝါဆွတ် (ဝါ ကောက်) ခဲ့လျှင် (၁၀၀) ပိဿာခန့် ရရှိနိုင်သည့်အတွက် အကျိုးအမြတ်ရရှိမည်ဖြစ်ပါသည်။ ယခုချိန် တွင် ဝါသီးနှံများ လှိုင်လှိုင်ခူးဆွတ်နေရကြောင်း၊ တစ်ရာသီလျှင် (၃) ကြိမ်ခန့် ဝါခူးဆွတ်ကောက်ရကြောင်း၊ ဈေးကွက်အနေဖြင့် မိမိတို့ကျေးရွာတွင် လာရောက်ဝယ်ယူကြကြောင်း၊ ထိုမှ တစ်ဆင့် ပခုက္ကူမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုဖေါက်ပြန်မှုများကြောင့် မိုးလိုအပ်ချိန်တွင် မိုးမရရှိပဲ မိုးမလိုအပ်သည့်အချိန်တွင် မိုးရရှိခဲ့သည့် အတွက် အထွက်နှုန်းလျော့ နည်းသော်လည်း ဝါဈေးနှုန်း မြင့်တက်လာသဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိနိုင်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)
