
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ နိုဝင်ဘာလ(တတိယပတ်)တွင် ပဲစဉ်းငုံ သီးနှံများ ဈေးကျနေပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံကို ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက် သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန် နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူသိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ နိုဝင်ဘာလ (တတိယပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၅၀-၂၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ပဲစဉ်းငုံနီ တစ်တင်းလျှင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (တတိယပတ်)တွင် ပဲစဉ်း ငုံနီ တစ်တင်းလျှင် ကျပ်(၇၉၆၀၀)ဖြစ်၍ (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက တစ်တင်လျှင်ကျပ် (၁၈၀၀) ခန့် ဈေးနှုန်းအနည်းငယ်ကျနေပြီး အရောင်းအဝယ်ဖြစ် နေကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်သ လောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်းပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
