
မြင်းခြံမြို့ အေးမြသီတာဈေးတွင် ကုန်စိမ်းသီးနှံ၊ ငါးပိငါးခြောက်၊ သားငါး၊ ကုန်ခြောက်များ အစုံအလင်ရောင်းချသော ဈေးဖြစ်ပါသည်။ မျှစ်သည် ဗီတာမင်၊ သတ္တုဓာတ်များစွာပါဝင်သည့်အတွက် မျှစ်သည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်များကို ပြေစေနိုင်ကြောင်း၊ မျှစ်ကိုရေရှည်စားသုံးပေးပါက နုပျိုပြီးအသက်ပိုရှည်နိုင်ကြောင်း၊ ပိုတက်ဆီယမ်ဓာတ်မှလည်း သွေးတိုးကို လျှော့ချပေးနိုင်သောကြောင့် စားသုံးမှုများပြားကြကြောင်း သိရသည်။ မြင်းခြံမြို့ ရောင်းချသောမျှစ်များသည် မကွေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ မျှစ်ချဉ်ကို ဝက်သား၊ ကြက်သား၊ ငါးတို့ဖြင့် ချက်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းချက်၍လည်းကောင်း၊ မျှစ်ချိုကို နှမ်းလှော်ထောင်း၊ ကြက်သွန်ဖြူဆီချက်တို့ဖြင့် မျှစ်သုပ်၊ မျှစ်ထောင်း ပြုလုပ်၍လည်းကောင်း၊ အတို့အမြှပ်အဖြစ်လည်းကောင်း စားသောက်သုံးစွဲမှုများကြောင်းနှင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များ ပေါများသောကြောင့် အရောင်းအဝယ် ပုံမှန်ဖြစ်ကြောင်း သိရသည်။ မျှစ်ချို၊ မျှစ်ပေါက်၊ မျှစ်ချဉ်၊ စသည့်ဖြင့် စုံလင်စွာရောင်းချပြီး မျှစ်ချို (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ မျှစ်ပေါက် (၂၅) ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ မျှစ်ချဉ် (၂၅)ကျပ် (၁၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
