
မုန်ညင်းသည် အဝါရောင်ပန်းပွင့်ကာ အနံ့စူးရှပြီး အရသာ အနည်းငယ်ခါးသက်လေးပင်သော အသီးအနှံတစ်မျိုးဖြစ်သည်။ သတ်သတ်လွတ် ဟင်းရွက်ကြော်ဖြင့် လည်းကောင်း၊ မုန်ညင်းစိမ်း စွပ်ပြုတ်၊ မုန်ညင်းချဉ်ရည်ဟင်းဖြင့်လည်းကောင်း၊ အသားတစ်မျိုးမျိုးနှင့် ရော၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ယခုလို ဆောင်းရာသီတွင် အသီးအနှံများ လှိုင်လှိုင်ပေါများလာပြီး မုန်ညင်းစိမ်းသည် ရာသီနှင့်လိုက်ဖက်သော အသီးအနှံဖြစ်ပါသည်။ မုန်ညင်းရွက်တွင် ဗီတာမင်များ အကောင်းဆုံးပါရှိခြင်း၊ ပင်စည်နှင့်အပွင့်တို့သည် ဝမ်းပျော့စေခြင်း၊ အသည်းနှင့် သွေးကိုသန့်စင်စေခြင်း၊ ကိုလက်စထရော ကျဆင်းစေခြင်း၊ ဖိုင်တိုအာဟာရဓာတ် များစေခြင်း၊ အမျှင်ဓာတ်ကြွယ်ဝခြင်း၊ အရိုးကို သန်မာစေသော ဗီတာမင် K များခြင်း၊ ကိုယ်ခံစွမ်းအားကောင်းစေသော ဗီတာမင်ဓာတ်ကြွယ်ဝခြင်း၊ အသားအရေနှင့်မျက်လုံးကို သန်မာစေသော ဗီတာမင်A ပါရှိကြောင်း သိရသည်။ ဆောင်းရာသီတွင် အအေးဓာတ်ကို မုန်ညင်းပူပူလေးကြော်ချက်၍ ခရမ်းချဉ်သီးငါးပိချက်နှင့်ဲဖက်စားသုံးပါက အလွန်ထမင်းမြိန်စေပါသည်။ မြင်းခြံမြို့တွင်လည်း ရာသီစာနှင့် လိုက်ဖက်သော မုန်ညင်းများ ရောင်းဝယ်လျက်ရှိရာ မုန်ညင်းတစ်စည်းလျှင် ၅၀၀/- ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)
