ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှု တင်ပို့ရောင်းချသည့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

Powered by Drupal

           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် လယ်ယာစိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးတိုးတက်မှုများရရှိစေရန် မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် အသားတင်စိုက်ပျိုး မြေဧက (၆၅)သိန်းကျော်ရှိပြီး ရေရရှိမှု နည်းလမ်းများအရ ဆန်/စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ကို ဟန်ချက်ညီညီ စိုက်ပျိုးထုတ်လုပ်လျှက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင် လူကြိုက်များသော သစ်သီးဝလံတစ်မျိုးဖြစ်သည့် ငှက်ပျော ကိုစိုက်ဧက(၂၅၉၉၁) ကျော်စိုက်ပျိုးပြီး ဒေသတွင်းစျေးကွက်သာမက အခြားတိုင်းဒေသကြီးများ ဖြစ်သည့် မန္တလေး၊ မိတ္တီလာ၊ မကွေး၊ ပခုက္ကူ၊ ရေစကြိုမြို့ကြီးများသို့ နေ့စဉ်တင်ပို့လျှက်ရှိပြီး အရည်အသွေးနှင့်အရ သာမှာ အကောင်းဆုံးဖြစ်သောကြောင့် ပြည်တွင်းစျေးကွက်တွင် လူသိ များလျှက်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင်နိုင်ငံတော်မှလည်း ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ များကို ပို့ကုန်မဟာဗျုဟာအဖြစ် ထည့်သွင်းဆောင်ရွက်လျှက်ရှိသဖြင့် ငှက်ပျောကို ပြည်တွင်း စားသုံးရန် သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက် ရေးသားရခြင်း ဖြစ်ပါသည်။

          ငှက်ပျောသီး၏ ပုံသဏ္ဍာန်မှာ လက်ချောင်းနှင့် တူသောကြောင့် အာရပ်ဘာသာအားဖြင့် Banana ဟု အမည်တွင်ပြီး မျိုးရင်း MUSACEAE, မျိုးစု Musaspp  ဖြစ်ပြီး ကမ္ဘာ့စာရင်းဇယား အရ မျိုးစိတ်ပေါင်း (၇၀)ကျော်ရှိကြောင်း သိရှိရပါသည်။ ငှက်ပျောပင်၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံနှင့် တောင်ပိုင်းအာရှနိုင်ငံများဟု သတ်မှတ်ထားကြသည်။ ယင်းဒေသတို့မှ ကမ္ဘာအရပ်ရပ်သို့ ရောက်ရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ ငှက်ပျောမျိုးပေါင်းများစွာရှိရာ အသီးမှည့်ကို စားသုံး သောမျိုး၊ ချက်ပြုတ်စားသုံးသောမျိုး၊ အလှစိုက်သောမျိုးဟူ၍ အတန်းအစားများခွဲ၍ အသုံးပြု ကြသည်။ မြန်မာနိုင်ငံတွင် ဖီးကြမ်း၊ ရခိုင်၊ ရွှေနီတို့ကဲ့သို့ အပင်ကြီးမျိုးနှင့် သီးမွှေး၊ ၀က်မလွတ် ကဲ့သို့ အပင်ပုမျိုးများကို စီးပွားဖြစ် စိုက်ပျိုးကြသည်။

          မြန်မာနိုင်ငံတွင် ဘာသာရေးအရသော် လည်းကောင်း၊ ကိုးကွယ်ယုံကြည်မှု အရသော် လည်းကောင်း၊ ငှက်ပျောနှင့်အုန်းသီးကို ဇလုံကြီးတစ်လုံးထဲ၌ အသေအချာ လှပစွာထည့်သွင်းကာ ဗုဒ္ဓဘာသာနှင့်ဆိုင်ရာ အခမ်းအနားများတွင်လည်းကောင်း မပါလျှင် မပြီးပါ။ ထို့အပြင် နတ် ကိုးကွယ်မှုကိစ္စများ၊ စီးပွားရေးလုပ်ငန်းအမျိုးမျိုး၊ ဥပမာ- ဦးရှင်ကြီးတင်သည့် ကိစ္စ၊ အိမ်ယာ တည်ဆောက်ခြင်းကိစ္စ၊ စက်ရေတွင်းတူးရသည့် ကိစ္စများမှအစ လုပ်ငန်းပြီးမြောက် အောင်မြင်မှု ရရှိစေရန် ငှက်ပျောပွဲ၊ အုန်းပွဲများနှင့် ပူဇော်ပသသည့်အလေ့အထ ရှိကြပါသည်။

          နတ်ကိုးကွယ်သည့်ကိစ္စတွင်လည်း အိမ်စောင့်နတ်၊ ကျေးရွာစောင့်နတ်၊ လယ်ယာစောင့် နတ်ကအစ (၃၇)မင်းနတ်အထိ လွန်စွာပေါများသည့်အတွက် အုန်း၊ ငှက်ပျော၏ အခန်းကဏ္ဍ မရှိမဖြစ် အဓိကနေရာ၌ ငှက်ပျောဖီးလှလှ၊ အုန်းသီးလှလှအဖြစ် နေရာပေးကြရပါသည်။

          ဟိန္ဒူလူမျိုးများကလည်း အရေးကြီးသောအခမ်းအနားများနှင့် အချိန်အခါကိုလိုက်၍ အရေးပါအရာရောက်ပါသည်။ တမီလ်ရိုးရာ လက်ထပ်ထိမ်းမြားခြင်းမှာဆိုလျှင် ငှက်ပျောပင် များကို နေအိမ်ရှေ့ ဝင်ပေါက်ထွက်ပေါက်များ၌ တိုင်တွင် ချည်နှောင်ထားကြသည်။ အုန်းသီး၊ ငှက်ပျောသီး၊ သရက်သီး၊ ပိန္နဲသီးကအစ ငှက်ပျောဖက်မှာ ခင်းကျင်းကာ ဆုတောင်းမှုများ ပြုလုပ် ကြပါသည်။

          ထိုင်းနိုင်ငံတွင် ယုံကြည်မှုတစ်ခုဖြစ်သည့် Nang Tani ဟု ခေါ်သည့် တစ္ဆေမသည် ငှက်ပျော ပင်ကြား၌ ကျက်စားလေ့ရှိသည်ဟု ယုံကြည်သည့်အလျောက် ငှက်ပျောပင်စည်နေရာတွင် အရောင်ပါသည့် ဖဲပြားအဝတ်ကို စည်းပေးလျှင် တစ္ဆေမ၏ ဝိညာဉ်သည် အမျိုးသမီး ပျိုမလေး အသွင် ရောက်လာတတ်သည်ဟု ယုံကြည်ကြပါသည်။ မလေးတွင် ငှက်ပျောပင်နှင့် တွဲစပ်ကာ ဝိညာဉ်ခေါ်ပြီး နောက်ကြောင်းပြန် သိလိုမှုများကို ရိုးရာယုံကြည်မှု တစ်ခုအနေဖြင့် ပြုလုပ် ကြပါသည်။

          ထို့ကြောင့် ဘာသာရေးကိုးကွယ်မှု၊ ယုံကြည်မှု၌ ငှက်ပျောသီးသည် အလွန်အရေးပါ အရာ ရောက်နေသည့်အတွက် မြေကွက်လပ်ရှိသော နေရာတိုင်းတွင် ငှက်ပျောအုံလေးများ စိုက်ပျိုးထား သည့် အလေ့အထ လူတိုင်းကိုယ်စီ ရှိနေကြပါသည်။

          ငှက်ပျောပင်ဟု ဆိုနေကြသော ပင်စည်သည် အခြားသော သီးနှံပင်များကဲ့သို့ ပင်စည် အစစ် မဟုတ်ပေ။ ငှက်ပျောရွက်၏ ရွက်ဖတ်များ ပူးကပ်စုစည်း ဖြစ်ပေါ်နေသော ငှက်ပျောရွက် အစုအစည်းသာဖြစ်သည်။ ဟင်းချက်ရာတွင် အသုံးပြုသော ကြက်သွန်နီဥကို ဥအဖြစ် ခေါ်ဝေါ် သတ်မှတ်နေသော်လည်း အမှန်တကယ်အားဖြင့် ရုက္ခဗေဒ ပညာသဘောအရ ကြက်သွန်ရွက် အစုအစည်းသာ ဖြစ်သည်။

          ငှက်ပျောပင်၏ အမြစ်များသည် အများအခေါ် ငှက်ပျောခေါင်း၊ ရုက္ခဗေဒပညာအရ ငှက်ပျောပင်စည် အလုံးအခဲကြီးမှ ဖြာထွက်နေသော မူခြားမြစ်များသာ ဖြစ်သည်။ ငှက်ပျော ပင်သည် တစ်စေ့သီးပင် အမျိုးအစားဖြစ်၍ ရေသောက်မြစ်များ မထွက်ပဲ မူခြားမြစ်များသာ ငှက်ပျောခေါင်းမှ ဖြာထွက်နေခြင်းဖြစ်သည်။ အရပ်လေးမျက်နှာသို့ (၅ - ၇)ပေထိ ပြန့်ကား ထွက်သကဲ့သို့ မြေအောက် (၃)ပေခန့် အထိလည်း ထိုးဆင်းကြသည်။ အမြစ်များသည် အရင်း အဖျား တစ်ရွယ်တည်းနီးပါးပုံစံဖြင့် ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းမူခြားမြစ်များမှ မြစ်မွှေးငယ်များ ဖြစ်ပေါ်လေ့ရှိသည်။

          ငှက်ပျောခေါင်းဟုခေါ်သော ငှက်ပျောပင်စည်သည် မြေအောက်ပင်စည် အမျိုးအစားတွင် ပါဝင်သောကြောင့် မြေပေါ်တွင် ပေါ်ထွက်ခြင်းမရှိပေ။ အစားအစာများကို သိုလှောင်ထား ရသဖြင့် ငှက်ပျောပင်စည် (အရွက်အစုအစည်း)ထက် ပို၍ ကြီးမားသောအရွယ်အစားရှိသည်။ ထို့အပြင် ပင်စည်ဟု ဆိုသည့်အတိုင်း အပင်သစ်များဖြစ်ပေါ်နိုင်သော အဖူးများလည်းပါရှိသဖြင့် ငှက်ပျောပင် မျိုးပွားရာတွင် အသုံးပြုမည့် သားတက်/ ပင်တက်များသည် ၎င်းအဖူးများ ကြီးထွားလာခြင်းမှ အခြေခံသည်။ သားတက်/ပင်တက်များ မဖြစ်မီ အချိန်တွင်ပင် ငှက်ပျော ခေါင်းမှ အဖူးများကို ခွဲစိတ်၍ ပျိုးထောင်စိုက်ပျိုးနိုင်သည်။

          ငှက်ပျောပင်စည်ဟု ခေါ်ကြသော ငှက်ပျောရွက် အစုအစည်းသည် မြေပေါ်တွင် ပင်စည် ကဲ့သို့ သဏ္ဍာန်ဖြင့် ပေါ်ထွက်နေသော အစိတ်အပိုင်းဖြစ်သည်။ ပင်စည်ဟုသာ ခေါ်ဝေါ်သုံးစွဲကြ သည်။ ၎င်းပင်စည်ကို ကန့်လန့်ဖြတ်ကြည့်ပါက ငှက်ပျောရွက်၏ ရွက်ဖတ်များ တစ်လွှာချင်းစီ ပူးကပ်လျှက်ရှိသည်ကို တွေ့မြင်နိုင်သည်။ တစ်သားတည်း ဖြစ်တည်မှု မရှိပါ။ တစ်လွှာချင်း ခွာထုတ်နိုင်သည်။ အလယ်ခေါင်တွင် အူတိုင်ကဲ့သို့ဖြစ်နေသော အစိတ်အပိုင်းမှာ နောက်ထပ် ဖြစ်ပေါ်လာမည့် ရွက်နုအလိပ်ကလေးသာ ဖြစ်သည်။

          ငှက်ပျောမျိုးကိုလိုက်၍ အပင်ရှည်၊ အပင်ပု အမျိုးမျိုးရှိသကဲ့သို့ ပင်စည်အရွယ်အစား လည်း အမျိုးမျိုးရှိသည်။ များသောအားဖြင့် အရင်းပိုင်းတုတ်သည်။ အချို့ တဖြောင့်တည်းဟု ဆိုရမလောက် အရွယ်ကွာခြားမှု မရှိတတ်ချေ။ အချို့မျိုးများတွင်မူ အရင်းအဖျားတို့၏ ကြီးထွားမှု ကွာခြားချက်မှာ သိသာထင်ရှားလွန်းပါသည်။ အရင်းပိုင်းသည် အဖျားပိုင်းထက် (၈-၁၀)ဆခန့်ထိ ကွာခြားသော မျိုးများလည်းရှိသည်။

          ငှက်ပျောရွက်တွင် ရွက်ပြား၊ ရွက်ရိုးတန်၊ ရွက်ဖတ်ဟူ၍ အပိုင်း(၃)ပိုင်း ပါရှိသည်။ ရွက်ပြားတွင် အလယ်ကျောရိုးမကြီး တစ်ချောင်း သိသာထင်ရှားစွာ ပါရှိပြီး ဘေးတစ်ဖက် တစ်ချက်တွင် ရွက်ပြားဖြစ်ပေါ်နေသည်။ ရွက်ပြားများတွင် ရွက်ကြောလေးများသည် မျဉ်းပြိုင် အနေအထားဖြင့် ရွက်ကြောမကြီးမှ ခွဲထွက်ဖြစ်ပေါ်လျှက်ရှိသည်။ ငယ်စဉ်က ငှက်ပျောပင် အတွင်းပိုင်းတွင်ရှိစဉ် ရွက်ပြားနှစ်ဖက်သည် ရွက်ကြောမကြီးကို ပတ်လိပ်၍ တဖြည်းဖြည်း အပေါ်သို့ ရှည်ထွက်လာလေ့ ရှိသည်။ ငယ်စဉ်ကာလ ဝါစိမ်းဖျော့ရောင်ရှိကာ အပေါ်သို့ထွက်ပြီး ရွက်ပြားများ ဖြန့်ထွက်သွားသော အခါ၌ တောက်ပသော အစိမ်းရောင်သို့ ပြောင်းသွားသည်။ ယင်းသို့သော အရောင်အသွေးနှင့်တူသော အရောင်ကို ငှက်ပျောညွှန့်ရောင်ဟု ခေါ်ဆိုတတ် သည်။ ကြီးရင့်လာသည်နှင့်အမျှ အစိမ်းရင့်ရောင်သို့ တဖြည်းဖြည်း ကူးပြောင်းသွားသည်။ အချို့မျိုး (ရွှေနီငှက်ပျော)တွင် ရွက်ပြားရွက်ရိုးတန် တိုသည်။ နီညိုရောင် ရှိကြသည်။ ရွက်ပြား တို့သည် အလွယ်တကူ စုတ်ပြဲနိုင်သည့်အတွက် လေပြင်းဒဏ်ကို မခံနိုင်ကြချေ။ အရွက်နှုတ်ခမ်း သားများမှ ရွက်ရိုးကြောကြီးအထိ ကွဲသွားခြင်းဖြစ်သည်။ ရွက်ပြားသည် ရွက်ရိုးတံထိပ်မှ ရွက်ပြားထိပ်အထိ ငှက်ပျောအမျိုးအစားလိုက်၍ (၄-၇)ပေထိ အရှည်ရှိသည်။ အထူး သဖြင့် ပင်မြင့်ငှက်ပျောမျိုးများသည် ရှည်၍ ပင်ပု ငှက်ပျောမျိုးများသည် တိုသည်။ ငှက်ပျော စတင် စိုက်ပျိုးသည်မှ အဖူးအထိ အရွက်(၅၀)ပေခန့် ထွက်တတ်သည်။ အမြဲတမ်း အနေဖြင့် အပင် ပေါ်တွင် (၁၀-၁၅)ရွက်ခန့် ရှိနေတတ်သည်။

          ရွက်ရိုးတံသည် ငှက်ပျောရွက်ဖတ်ထိပ်မှ ရွက်ပြားအထိ (၁-၁.၅)ပေအထိ အရှည်ရှိတတ် သည်။ ရွက်ရိုးတံမှ အဖျားအထိ ချိုင့်ခွက်လျှက် ရေတလျှောက်ကဲ့သို့ ဖြစ်ပေါ်နေသည်။ အရောင် အနေဖြင့် အစိမ်းနုရောင်ရှိသည်။

          ရွက်ဖတ်မှာ ပင်စည်သဖွယ် စုစည်းလျှက် အထပ်ထပ်ရစ်ပတ်၍ ခိုင်မာတောင့်တင်းစွာ ဖြစ်ပေါ်နေသည်။ အတွင်းသားများ အစိမ်းဖျော့ရောင်ရှိသော်လည်း အပြင်ပိုင်းရွက်ဖတ်များမှာ အညိုရောင်ရှိသည်။ ငှက်ပျောအမျိုးအစားပေါ်မူတည်၍ (၃-၂၀)ပေအထိ အရှည်ရှိတတ်သည်။

၁၀။    အဖူးထွက်ကာနီး နောက်ဆုံးထွက်လာသော အရွက်သည် အပင်ပေါ်ရှိ ထွက်ပြီးသား အရွက်များနှင့်မတူ ပုဝိုင်းဝိုင်းပုံစံမျိုး ထွက်လာတတ်သည်။ ၎င်းအရွက်ထွက်လာပြီး မကြာမီ (၈) ရက်ခန့်အကြာတွင် ငှက်ပျောဖူး ထွက်လာလေ့ရှိသည်။ ပင်သက် (၆-၈)လအကြာတွင် ဖြစ် တတ်သည်။

          ငှက်ပျောပင်မှ နောက်ဆုံးအရွက်ထွက်ပြီးနောက် ကြာဖူးကဲ့သို့ နီညိုရောင်ငှက်ပျောဖူး ထွက်လာသည်။ အဖူးထွက်ချိန်သည် ငှက်ပျောပင်စိုက်ပျိုးစဉ်က ကျင်းတိမ်တိမ်တွင် စိုက်လျှင် အဖူးစောစောထွက်တတ်ပြီး ကျင်းနက်နက်စိုက်ပါက အဖူးထွက်နောက်ကျသည်ဟု ဆိုသည်။ ငှက်ပျောဖူးသည် တဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ အဖူးရိုးတံမှာလည်း ရှည်ထွက်လာသည့် အတွက် အောက်ဘက်သို့ ငိုက်ကျလာသည်။ ငှက်ပျောဖူးအတွင်းဝယ် ပန်းခိုင်များလည်း ဖွံ့ဖြိုးလာသည်။ ငှက်ပျောဖူးအတွင်းမှ ငှက်ပျောခိုင်အရိုးပေါ်တွင် ပန်းပွင့်များ အတန်းလိုက် နှစ်ရစ်စီ ဖြစ်ပေါ်လာသည်။ ပန်းပွင့်များ ပွင့်လာသည့် အချိန်တွင် ငှက်ပျောဖူး၏ အဖုံးသဖွယ် ဖြစ်နေသော ပွင့်ကာရွက်သည် ဘေးသို့ပြန့်ကား ထွက်လာသည်။ တဖြည်းဖြည့်း ငှက်ပျောပွင့် များ ငှက်ပျောခိုင် အရိုးပေါ်တွင် နှစ်ရစ်စီ ဆင့်ကဲဆင့်ကဲ ပွင့်လာတော့သည်။ ငှက်ပျောခိုင် အရိုးမှာလည်း ရှည်ထွက်လာသည်။ ပွင့်ကာရွက်မှာလည်း တဆင့်ပြီးတဆင့် ပြုတ်ထွက်သွား သည်။ အဖျားပိုင်း အပွင့်များမှာ အဖိုပွင့်များသာ ဖြစ်သဖြင့် အသီးဖြစ်မလာနိုင်တော့ချေ။ အခိုင်၏ အရင်းပိုင်းအပွင့်များသာ အမပွင့်များဖြစ်၍ အသီး၊ အဖီး ဖြစ်ပေါ်လာသည်။

          ငှက်ပျောခိုင်၏ အရင်းပိုင်းအပွင့်များမှ ငှက်ပျောသီး ဖြစ်လာကြသည်။ ငှက်ပျောခိုင်တွင် အဖီးများသည် နှစ်တန်းစီနှင့် ရိုးတံတလျှောက် ပတ်ပတ်လည် အလှည့်ကျ ဖြစ်ပေါ်ကြသည်။ ငှက်​ပျောခိုင်သည် တဖြည်းဖြည်းနှင့် ရှည်ထွက်လာသော်ငြားလည်း အသီးပါသော အဖီး (၅-၁၀) ဖီးသာ ဖြစ်ပေါ်သည်။ အမျိုးအစားအလိုက် ကွာခြားမှုရှိသည်။ တစ်ဖီးတွင်လည်း (၁၀-၁၈)လုံး အထိ အမျိုးမျိုးရှိနိုင်သည်။ မျိုးကြောင့်လည်း ဖြစ်သကဲ့သို့ မြေတွင်းအာဟာရဓါတ်ကြောင့်လည်း ဖြစ်နိုင်သည်။ အသီး၏ထိပ်တွင် ဝတ်ဆံမတိုင်ရှိရာ ချက်ဟုခေါ်ဝေါ်ကြသည်။ ၎င်းဝတ်ဆံမတိုင် (ချက်) ကြွေကျသွားပါက ငှက်ပျောသီးရင့်မှည့်လာပြီဟု သတ်မှတ်ကြသည်။

          ငှက်ပျောပင်သည် ပူအိုက်စွတ်စို၍ တစ်နှစ်မိုးရေချိန် (၈၀-၁၀၀)လက်မ ရရှိသော ဒေသ များတွင် ကောင်းစွာဖြစ်ထွန်းသည်။ အပူချိန် (၃၀)ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်ကို ကြိုက်နှစ် သက်သည်။ တောင်မြောက် လတ္တီတွဒ် (၃၀)ဒီဂရီအတွင်း၌ အောင်မြင်စွာ စိုက်ပျိုးနိုင်သည်။ ပင်လယ်ရေမှ အမြင့်ပေ (၂၀၀၀)ထိ စိုက်ပျိုးနိုင်သော်လည်း အမြင့်ပေ များလာသည်နှင့်အမျှ ကြီးထွားမှု နှောင့်နှေးကြန့်ကြာ လာတတ်သည်။

          လေပြင်းတိုက်ခတ်မှုကို မနှစ်သက်ချေ။ လေဒဏ်ကြောင့် အရွက်များ အကွဲ၊ အပြဲများ ဖြစ်ပေါ်နိုင်သောကြောင့် ငှက်ပျောပင်ကြီးထွားမှုကို ထိခိုက်စေကာ အသီးဖြစ်ထွန်းမှုကိုလည်း ဆုတ်ယုတ်စေသည်။ သို့ဖြစ်၍ ငှက်ပျောခြံများတွင် လေကာပင်များစိုက်ပျိုးရန် လိုအပ်သည်။ လေပြင်းကျရောက်ပါက အပင်များ ခါးကျိုးကျခြင်း၊ လဲပြိုခြင်းများ ဖြစ်ပေါ်တတ်သည်။

          ပူအိုက်စွတ်စိုသော ရာသီဥတုရှိသည့် တောင်ကြားရပ်ဝန်းမြေပြန့်သည် ငှက်ပျောပင် ဖြစ်ထွန်းရာ ဒေသများဖြစ်သည်။ အမြင့်ပေ (၁၂၀၀)ထက်နိမ့်သော ဒေသများ ဖြစ်သင့်ပါသည်။ မိုးမများသော်လည်း ရေပေါပေါများများရနိုင်သော နေရာများ၌ လေကာပင်များစိုက်၍ ငှက်ပျော စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါသည်။

          ငှက်ပျောပင်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း သဲနုံးမြေတွင် ပိုမို ဖြစ်ထွန်းသည်။ သဘာဝမြေဩဇာများကို ကြိုက်နှစ်သက်သောကြောင့် ငှက်ပျောပင်သည် စိုက်ပျိုးမြေ၏ မြေဆီဩဇာ ထက်သန်မှုကိုပြသော ပြဒါးတိုင်ဟုပင် သတ်မှတ်ကြသည်။ ငှက်ပျောပင် စိုက်ပျိုးမည့်မြေသည် မြေသားအနေအထား ကောင်းမွန်၍ မြေသားထုနက်ခြင်း၊ သဘာဝမြေဩဇာဓါတ်များ ပေါကြွယ်ဝခြင်း၊ အစိုဓါတ်ကို ကောင်းစွာ ထိန်းနိုင်ခြင်း၊ ရေစီး စိမ့်လွယ်၍ ရေမဝပ်ခြင်းနှင့် မြေအချဉ်အငံအနေဖြင့် အချဉ်အငံဓါတ် (၅.၅-၆.၅)တွင် ဖြစ်ထွန်းခြင်း စသည့်  အချက်များနှင့် ပြည့်စုံရန် လိုအပ်ပါသည်။

မျိုးပင်ရယူရာတွင် အောက်ပါအတိုင်း နည်းလမ်း(၄)မျိုးဖြင့် ရယူနိုင်ပါသည် -

(က)    ခေါင်းမှ မျိုးပင်ရယူခြင်း။               ငှက်ပျောပင်မှ အခိုင်ထွက်ပြီးနောက် အခိုင်ကို ခုတ်ယူပြီးသည်နှင့် ၎င်းငှက်ပျောသည် ဆက်လက်ရှင်သန်ရန် မဖြစ်တော့ပါ။ ကျန်သည့်အပင်ကို မြေပြင်နှင့်အညီ ခုတ်ယူပြီးနောက် မြေထဲရှိ ငှက်ပျောခေါင်းကို တူးယူရမည်။ ရရှိလာသော ငှက်ပျောခေါင်းကို စစ်ဆေး၍ အဖူးတစ်ဖူး (သို့) နှစ်ဖူးပါအောင် ခွဲစိတ်ယူရမည်။ အဖူးပါ ခေါင်းအစိတ်အပိုင်းကို စိုက်ကျင်းထဲတွင် (၁၂ x ၁၂ x ၁၀)လက်မ စိုက်ကျင်းထဲတွင် အဖူးကို အောက်ဖက်မှထား၍ နေရာချထားပေးကာ သဲနှစ်ဆ၊ ဖွဲပြာတစ်ဆ ရောထားသော စပ်မြေဖြင့် ဖုံးအုပ်ကာ စိုက်ပျိုးနိုင်ပါသည်။

(ခ)     ရွက်ပြားသေးသော ငှက်ပျောစို့။       ၎င်းအစို့သည် မိခင်ပင်မကြီး၏ မြေအောက် နက်သောနေရာများမှ ပေါက်လာသော အစို့များဖြစ်သည်။ ရွက်ပြား သေးသေးရှည် ဖြစ်သည်။ အပင်အမြင့် (၂.၅)ပေရှိပြီး ခေါင်းအချဉ်း (၆)လက်မအရွယ်ကို တူးဖဲ့ ယူ၍ မျိုးအဖြစ် သုံးကြသည်။

(ဂ)     ရွက်တက်ပြားအစို့။        ရွက်ပြားသေးသော အစို့များ ဆက်လက်ကြီးထွားလာပြီး ငှက်ပျောရွက်များ အနည်းငယ်ပြန့်ကားလာသော အစို့များဖြစ်သည်။ အစို့သက်တမ်း အားဖြင့် (၅-၈)လသား ဖြစ်သင့်သည်။ အစို့ခေါင်းအရွယ်မှာ အချင်း (၁၀)လက်မ ခန့်ရှိချိန် မိခင်ပင်မကြီးမှ တူးဖဲ့ယူပြီးနောက် ပါလာသော မြစ်မွှေးများ၊ အမြစ် ဟောင်းများကို လှီးပစ်ရမည် (ခေါင်းတုံးတုံးသည်)။ ပင်စည်ကိုလည်း (၈-၁၀) လက်မသာချန်၍ ဖြတ်ပစ်ကာ မြေချစိုက်နိုင်သည်။ မျိုးပင်ရယူရာတွင် အဓိကမှာ ရွက်ပြားအလွန်ကြီး၍ အပင်လှီသော အတက်များ၊ အလွန်သေးငယ်သော အစို့ များ၊ ရောဂါရအစို့များကို အသုံးမပြုရန်ပင် ဖြစ်သည်။ ငှက်ပျောပင်တွင် ကြက်တောင်စီးရောဂါသည် အခင်းလုံးပြုတ်နိုင်သော ရောဂါဖြစ်သည်။ ရွက်ပြား သေးသေးလေးများ စုပြုံထွက်တတ်သဖြင့် ရွက်ပြားသေးအစို့နှင့် ဆင်တူသည်။ ကွာခြားချက်မှာ ရောဂါကျရောက်အရွက်သည် (၄-၅)လက် စုပြုံ၍ ထွက်နေခြင်း ဖြစ်သည်။

(ဃ)    တစ်သျှူးသားမွေးမြူ၍မျိုးပွားခြင်း။             အပင်များမှ သင့်တော်ရာ အစိတ်အပိုင်း တစ်သျှူးအသားစကိုယူ၍ ဖန်ပြွန်အတွင်းရှိ လူတို့ ပြုပြင်ဖန်တီး ပြုလုပ်ထား သော အာဟာရပြွန်ပေါ်တွင် မွေးမြူမျိုးပွားခြင်း ဖြစ်သည်။ ဓါတ်ခွဲခန်းများတွင် ပြုလုပ်ရမည်ဖြစ်သည်။ တစ်သျှူးအသားစကို အသုံးပြု၍ မျိုးထုတ်လုပ် မျိုးပွား ခြင်းကြောင့် မျိုးပင်များပြားစွာ ရရှိနိုင်ပြီး မူလအပင်၏ မျိုးရိုးဗီဇလက္ခဏာ များနှင့် ထပ်တူထပ်မျှ ရရှိနိုင်သည်။ သဘာဝနည်းဖြင့် မျိုးယူရန်ခက်ခဲသော၊ ရှားပါးသော မျိုးများအတွက် အထူးသင့်တော်သော နည်းစနစ်တစ်ခုဖြစ်သည်။ ငှက်ပျောမျိုး အနေဖြင့် ဒေသတွင်ဈေးကွက်ဝင်သော မျိုးများကို အသုံးပြုနိုင်သော်လည်း ကွမ်း သီးပင်ကြား သီးညှပ်အနေဖြင့်မူ ဖီးကြမ်းငှက်ပျောမျိုးကို စိုက်ပျိုးသင့်ပါသည်။ အပင်အနေဖြင့် (၁၀-၁၄)ပေအထိ မြင့်နိုင်ပြီး ငှက်ပျော လက်လည်း ရှည်ပါသည်။ ကွမ်းသီးပင် ငယ်စဉ်အတွက် အရိပ်ကောင်းရုံသာမက ကွမ်းရွက်ပင်အတွက်လည်း ထုပ်ပိုးပစ္စည်းအဖြစ် အသုံးဝင်ပါသည်။ စားသုံးရာတွင်လည်း ဆေးဘက်ဝင်သည့်အတွက် လူတိုင်းနှင့်လည်း တည့်ပါသည်။

          ကမ္ဘာပေါ်တွင် ငှက်ပျောစိုက်ပျိုးသောနိုင်ငံ (၁၅၀)ကျော်ရှိပြီး ငှက်ပျောကို အချိုစားအဖြစ် တစ်နှစ်လျှင် တန်သန်းပေါင်း (၄၃)သန်းကျော် ထုတ်လုပ်ပြီး ဟင်းချက်စားအဖြစ် တန် (၄၅)သန်းကျော် ထုတ်လုပ်ကြောင်း လေ့လာသိရှိရပါသည်။

          ငှက်ပျောကို အမှည့်စားအဖြစ်လည်းကောင်း၊ ဟင်းလျာအဖြစ်လည်းကောင်း စားသုံးကြပြီး ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်သော ပုံစံများမှာ ငှက်ပျောသီးစိမ်းဆီပြန် (မွန်ဟင်း)၊  ငှက်ပျောဖူးနှင့် ဟင်းရွက်မျိုးစုံပေါင်းထုပ် (မွန်ဟင်း)၊ ငှက်ပျောဖူးသုပ်၊ ငှက်ပျောဖူး ပြုတ်သုပ်၊ ငှက်ပျောအူ မုန့်ဟင်းငါးဟင်းရည် (မွန်ဟင်း)၊ ငှက်ပျောပင်စည် ဒိန်ချဉ်သုပ် (အိန္ဒိယ နည်း)၊ ငှက်ပျောပင်စည် ကြက်သားအုန်းနို့နှပ်ချက် (ဖိလစ်ပိုင်)နှင့် ငှက်ပျောပင်စည် ငါးချဉ်ရည် ဟင်း(ထိုင်း)စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသောက်ကြကြောင်းကိုလည်း လေ့လာသိရှိရပါသည်။

          ဖီးကြမ်းငှက်ပျော(၁၀၀)ဂရမ်တွင် ပါဝင်သော အာဟာရဓါတ် တန်ဘိုးများမှာ ရေဓါတ် (၇၀.၂၅) ဂရမ်၊  ပရိုတင်း (၀.၇၆) ဂရမ်၊ အဆီ (၀.၀၆ )ဂရမ်၊ ကာဘိုဟိုက်ဒရိတ် (၂၆.၅၀) ဂရမ်၊ သတ္တုဓါတ်များ (၀.၉၀ )ဂရမ်နှင့် ဗိုက်တာမင်များ (၁၁.၀၉)ဂရမ်တို့ပါဝင်ကြောင်း လေ့လာသိရှိရ ပါသည်။

          သဘာဝငှက်ပျောသီးမှာ ရင့်မှည့်သော်လည်း အဝါရောင်သို့ တစ်ပြိုင်နက် ပြောင်းလဲမသွားဘဲ တဖြည်းဖြည်းမှသာ ပြောင်းလဲတက်သော သဘာဝရှိပါသည်။ သာသနာပွဲတင်ခြင်း၊ နတ်ပွဲတင်ခြင်းများတွင် တစ်ပြိုင်နက်အဝါရောင်သို့ ပြောင်းလဲသွားမှသာ ပွဲပျော်သည်၊ ပူဇော်ပသပွဲ အထမြောက်သည်ဟု ပွဲတင်သူများ ယူဆသဖြင့် ငှက်ပျောရောင်းချသည့် ကုန်သည်များမှ စားသုံးသူအကြိုက် အဝါရောင်သို့ တစ်ပြိုင်နက်ပြောင်းစေသော Ethylene ရင့်မှည့်ဆေးကို သုံးစွဲရခြင်းဖြစ်ကြောင်း ငှက်ပျောရောင်းဝယ်သည့် လုပ်ငန်းရှင်များထံမှ သိရပါသည်။

          ပန်းသီးတစ်လုံးကို နေ့စဉ်စားပေးလျှင် မိမိအနားတွင် ဆရာဝန်ရှိနေစရာမလိုဟု ပြောဆို နေကြပေမဲ့ ငှက်ပျောသီးတစ်လုံး နေ့စဉ်စားလျှင် ဆရာဝန်နဲ့ဝေးရာမှာ နေရင်လည်း စိတ်ပူစရာ မလိုဟုဆိုတာကို သိရှိသူတွေ နည်းပါးနေပါသေးသည်။ ငှက်ပျောသီးကို တစ်မ္ဘာလုံးမှ ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြတာကလည်း အကြောင်းပြချက် ကောင်းလှပါသည်။ ငှက်ပျောသီး Crazy ရူးသွပ်သူတွေကတော့ ကမ္ဘာဦးအစ အာဒမ်တို့ ပထမဦးဆုံးစားရသည်မှာ ပန်းသီးဟုတ်လိမ့်မည်မထင်။ ငှက်ပျောသီးသာ ဖြစ်လိမ့်မည်လို့ပင် ပြောနေကြပါသည်။

          ထို့ကြောင့် UK မှာ လူတစ်ယောက်သည် တစ်နေ့လျှင် ငှက်ပျောသီးအလုံး တစ်ရာနှင့်အထက် ညီမျှတဲ့ (၁၀)ကီလို စားသောက်ကြပြီး ဗြိတိန်တွင် နှစ်စဉ်နှစ်တိုင်း ငှက်ပျောသီး (၅) ဘီလီယံကို စားသုံးနေကြပါသည်။ အမေရိကန်တွင်လည်း ပန်းသီးနှင့် လိမ္မော်သီးထက် ငှက်ပျော သီးကို ပိုမိုနှစ်ခြိုက်စွဲလန်းစွာ စားသုံးကြ၍ ၁၉၂၃ခုနှစ်တွင် ငှက်ပျောသီးစားသုံးရန် လုံလောက် သောပမာဏ မရှိကြသဖြင့် " Yes! We Have No Banana "ဆိုသည့် သီချင်းသည် တေးဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး ဓါတ်ပြားတေးသီချင်း ဖြစ်ခဲ့ဖူးပါသည်။

          US FDA ၏အဆိုအရ အလယ်အလတ်ကြီးသည့် ငှက်ပျောသီးတစ်လုံး(၁၂၆)ဂရမ် အပေါ် မှာအာဟာရရရှိမှုကိုကြည့်ရင် ကယ်လိုရီ(၁၁၀) ကာဗိုဟိုက်ဒရိတ်(၃၀)ဂရမ်၊ သကြားဓါတ် (၁၉) ဂရမ်၊ ပရိုတင်းအသားဓါတ်(၁)ဂရမ်၊ အဆီ၊ ကိုလတ်စရောနှင့် ဆိုဒီယမ်ဆား လုံးဝမပါရှိဘဲ ဗီတာ မင် B6 (၀.၅)မီလီဂရမ်၊ ကြေညက်နိုင်သော အမျှင်(၃)ဂရမ်၊ မဂ္ဂနီဆီယမ် (၃၄)မီလီဂရမ်၊ အဓိကကျသည့် ပိုတက်ဆီယမ်(၄၅၀)မီလီဂရမ် ရရှိနိုင်သည့်အတွက် နေ့စဉ်ငှက်ပျောသီးတစ်လုံး စားသုံး ပေးသင့်ပါသည်။

          ငှက်ပျောသီးသည် နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါသည်။ အလယ်အလတ်ကြီးသည့် ငှက်ပျောသီးတစ်လုံးစားသုံးလျှင် တစ်နေ့တာ ပိုတက်ဆီယမ် လိုအပ်ချက်ရဲ့(၁၃)%ကို ရရှိစေပြီး ပိုတက်ဆီယမ်မှ အီလက်ထရိုလိုက် လျှပ်စစ်စွမ်းအားသည် ခန္ဓာကိုယ်ထဲတွင် ကောင်းမွန်စွာ စီးဆင်းစေပြီး နှလုံခုန်မှုကို မှန်ကန်စေပါသည်။ ပိုတက်ဆီယမ်မြင့်မားပြီး ဆိုဒီယမ်ဆား မပါသည့်အတွက် နှလုံးသွေးကြောစနစ်ကာကွယ်ရေးတွင် အကူအညီပေးကာ သွေးတိုးခြင်းမဖြစ်စေ နိုင်ဟု US FDA  ကဆိုထားပါသည်။ US FDA  အဆိုအရ အရွယ်ရောက်သူ တစ်ဦး၏ တစ်နေ့တာ ပိုတက်ဆီယမ်လိုအပ်ချက်(၄၇၀၀)မီလီဂရမ်ရှိပြီး လေ့လာချက်အရ တစ်နေ့တာ(၄၀၀၀)မီလီဂရမ် နှုန်းရရှိပါက နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်း(၅၀)%ထိ လျော့ကျနိုင်သည်ဟု ဆိုထားပါသည်။

          ပိုတက်ဆီယမ်လိုအပ်ချက် နီးပါးမြင့်မားစွာ ရရှိသူလူတစ်ဦးသည် ရုတ်တရက် နှလုံး တိုက် ခိုက်ခြင်းခံရသည်ကို လျော့ကျစေသည်။ နှလုံးကြွက်သားအားလျော့ပြီး ခြေပစ်လက်ပစ် ဖြစ် သည်ကိုလည်း တွန်းလှန်ကာကွယ်ပေးသည်။ အရိုးနှင့်ဆိုင်သော ကယ်လဆီယမ်ဓါတ်များ မဆုံး ရှုံးအောင် ထိန်းသိမ်းပေးနိုင်သည့်အပြင် ကျောက်ကပ်တွင် ကျောက်တည်ခြင်း မဖြစ်ပေါ်အောင်လည်း လျော့ချပေးနိုင်ပါသည်။

          မြန်မာနိုင်ငံတွင် ခုတ်သိမ်းပြီးပင်စည်မှ လက်မှုပစ္စည်း (Handicrafts) ထုတ်လုပ်ခြင်း လုပ်ငန်းများ မရှိသေးသော်လည်း ဂျပန်နိုင်ငံတွင် အဝတ်အထည်နှင့် အိမ်တွင်းအသုံးအဆောင် ပစ္စည်းများ၊ နီပေါနိုင်ငံတွင် လက်ရက်ကန်းဖြင့် ကော်ဇောရက်လုပ်ခြင်းများ၊ ကူရှင်အဖုံး၊ ကူရှင် လည်စီးနက်ကတိုင်၊ အိတ်မျိုးစုံ၊ စားပွဲခင်းမျိုးစုံ၊ အိန္ဒိယနိုင်ငံတွင် အထည်စက်ရုံနှင့် စက္ကူပျော့ဖတ်များ ထုတ်လုပ်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ငှက်ပျောစိုက်ဧက (၂၅၉၉၁)ကျော်ရှိပြီး စစ်ကိုင်းခရိုင်၊ မုံရွာ ခရိုင်နှင့် ရွှေဘိုခရိုင်တို့တွင် စီးပွားဖြစ်အဖြစ် သီးမွှေးငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောကို အများဆုံး စိုက်ပျိုးပြီး ကျန်ခရိုင်များဖြစ်သည့် ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင် တို့၌ သမားရိုးကျ မိမိတို့၏ အိမ်ခြံဝင်း၊ ယာအတွင်းများတွင်သာ တပိုင်တစ်နိုင် စိုက်ပျိုးသော အလေ့အထ ရှိပါသည်။ စစ်ကိုင်းခရိုင်၌ သီးမွှေးငှက်ပျောကို အများဆုံးစိုက်ပျိုးပြီး မုံရွာခရိုင်၊ ရွှေဘိုခရိုင်တို့၌ ဖီးကြမ်းငှက်ပျောကို အဓိကထား စိုက်ပျိုးကြပါသည်။ လက်ရှိဖီးကြမ်းတစ်ဖီး လက္ကားဈေး ၁၂ဝဝိ/- မှ ၂၀ဝဝိ/-၊ သီးမွှေးတစ်ဖီး ၇ဝဝိ/- မှ ၁၀ဝဝိ/- ပေါက်ဈေးရှိကြောင်း ငှက်ပျောအဝယ်ဒိုင်များမှ လေ့လာသိရှိရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးတွင် ငှက်ပျောစိုက်ပျိုးနိုင်သည့် မြေလွတ်မြေရိုင်းများ၊ ဥယျာဉ်ခြံမြေများ များပြားစွာရှိနေသေးသည့်အတွက် သမားရိုးကျ စိုက်ပျိုးနေသေးသည့် ကလေး၊ ကသာ၊ ယင်းမာပင်၊ ကန့်ဘလူ ခရိုင်များရှိ  မြို့နယ်များမှ စိုက်ပျိုးသူ တောင်သူများအား အိမ်ခြံဝန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သည့်အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်စေ၍ ဝယ်သူစျေးကွက်မှ ရောင်းသူစျေးကွက်အဖြစ် ဖော်ဆောင်စေကာ ဒေသတွင်းသုံးစွဲမှု ဖူလုံရုံမျှမက ပြည်ပသို့ တင်ပို့နိုင်ရေး သတင်းအချက်အလက်နည်းပညာများ ဖြန့်ဝေပေးသွားခြင်းဖြင့် ငှက်ပျောမှ ပြည်ပဝင်ငွေရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(စစ်ကိုင်း)