
ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်၊ ကြက်သွန် တို့အပြင် ဗူးသီး သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ ကျောက်ဆည် မြို့နယ်တွင် ငယ်တိုး၊ ရှားပင်၊ ကျီးအိပ်ကျေးရွာများတွင် စိုက်ပျိုးကြသည်။ ဗူးသီး စိုက်ပျိုးရာတွင် မြေဆွေး၊မြေဩဇာများသမအောင်ရောမွှေပြီးဘောင်ပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ တစ်ပိုင်တစ်နိုင်အနေဖြင့်လည်း မိမိတို့လယ်ယာများနှင့် နေအိမ်များတွင်လည်းစိုက်ပျိုးကြကြောင်း၊ အများဆုံးစိုက်ပျိုးသော ဗူးသီးအမျိုးအစားများမှာ ဗူးသပိတ်၊ဗူးလယ်လှနှင့် ဗူးရှည်မျိုးများ ကိုစိုက်ပျိုးကြကြောင်း၊ ဗူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရပါကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခ များအပါအဝင် စုစုပေါင်း (၈၅၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဗူးပင်စိုက်ပျိုးပြီး (၈၀-၉၀)ရက် အကြာတွင် အသီးများစတင်ခူးစွတ် ရပါကြောင်း၊ ဗူးသီးကို အခင်းထဲထိလာဝယ်ကြသလို၊ကိုယ်တိုင်လည်း ဈေးများသို့ သွားရောက် ရောင်းချကြကြောင်း၊ အထွက်နှုန်းအနေဖြင့် အလုံးရေ (၇၀၀၀-၈၀၀၀) အထိထွက်ရှိကြောင်း၊ ဗူးသီးဈေးနှုန်း အနေဖြင့် အရွယ်အစားအပေါ် မူတည်၍ ဖောက်သည်ဈေး(၈၀၀-၁၀၀၀)ကျပ်၊ လက်လီဈေးနှုန်း အနေဖြင့်ဗူးသီးတစ်လုံးလျင်(၁၃၀၀-၁၅၀၀) ကျပ် အထိဈေးများ ရရှိကြောင်း၊ ဗူးညွန့် တစ်စီးလျင် (၃၀၀-၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း ဗူးသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
