မြန်မာ့ရေသယံဇာတထွက်ကုန်များကို ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပပို့ကုန်မှ နိုင်ငံခြား ငွေရရှိရန် ရေချိုမွေးမြူမှုနှင့်ရေငန်ဖမ်းဆီးမှုတို့ဖြင့် ထုတ်လုပ်ဖြန့်ချိတင်ပို့လျက်ရှိရာ ပင်လယ်ပြင်မှ ဖမ်းဆီးရမိသောရေငန်တိုက်ဂါးပုစွန်များတစ်ပိဿာငွေကျပ်နှစ်သိန်းခန့်ဖြင့် ပြည်ပပို့ကုန်ဈေးကွက်တွင် အရောင်းအဝယ်သွက်နေကြောင်း သိရသည်။
မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းရာသီပိတ်သိမ်းမည့် မေလ ၁ ရက်မတိုင်မီ ငါးဖမ်းစက်လှေ များဖြင့် ရန်ကုန်မြို့ရှိ စံပြငါးဈေး၊ ရွှေပိတောက်ငါးဈေးနှင့် အခြားသော ဆိပ်ကမ်းများ သို့ ရေငန်ပုစွန်နှင့် ပင်လယ်ငါးမျိုးစုံဝင်ရောက်ခဲ့သည်။
“မြန်မာနိုင်ငံကထွက်ရှိတဲ့ တိုက်ဂါးပုစွန်နဲ့ ပနားမီးပုစွန်ဖြူကို ပြည်ပဈေးကွက် တင်ပို့နိုင် တဲ့အတွက် နိုင်ငံခြားဝင်ငွေရရှိနေပါတယ်။ ရေခံမြေခံကောင်းတဲ့မြန်မာနိုင်ငံမှာ ရေရှည် ထုတ်ယူသုံးစွဲမယ်ဆိုရင် အကောင်းဆုံးမွေးမြူရေးကျင့်စဉ်တွေကို သိရှိနားလည်ဖို့လိုပါတယ်။ တစ်ချိန်က တိုက်ဂါးပုစွန်ကို မျိုးထိန်းပြီးမျိုးကိုရောင်းချနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့သလို ယနေ့အချိန် မှာလည်း အဲဒီလို ပြန်လည်ဖော်ဆောင်ဖို့လိုပါတယ်။ ဒါမှသာ ပင်လယ်ပြင်ရေသယံဇာတ အဝါရောင် အဆင့်မရောက် အောင် ထိန်းသိမ်းကာကွယ်နိုင် မှာပါ။ မြန်မာနိုင်ငံဟာ ရေခံမြေခံကောင်းတဲ့အတွက် သဘာဝနဲ့ လိုက်လျောညီထွေပြီး မျိုးစိတ်ကိုထိန်းနိုင်တဲ့ မွေးမြူထုတ်လုပ်မှုကိုဆောင်ရွက် သွားမယ်ဆိုရင် မြန်မာ့ရေထွက်ကုန်ပို့ကုန်ကဏ္ဍဟာ နှစ်ဆတင်ပို့နိုင်မှာပါ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
မြန်မာ့ပင်လယ်ပြင်မှရရှိသည့် တိုက်ဂါးပုစွန်နှင့် မြိတ်ကျွန်းစုတွင် မွေးမြူထုတ်လုပ် လျက်ရှိသည့် ပနားမီးပုစွန်ဖြူတို့ကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ပင်လယ်ပြင်မှ ဖမ်းဆီးရရှိသည့် အနီရောင်တိုက်ဂါးပုစွန်ကို ပြည်ပလေးနိုင်ငံသို့ တင်ပို့လျက်ရှိကာ မြိတ်ကျွန်းစု တွင်မွေးမြူသည့် ပနားမီးပုစွန်ဖြူအား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသည်။
ပင်လယ်ပြင်မှ ဖမ်းဆီးရမိသော တိုက်ဂါးပုစွန်များကို ရန်ကုန်မြို့ရှိ အအေးခန်း စက်ရုံများတွင်အေးခဲပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယားသို့ အဓိကတင်ပို့လျက်ရှိသည်။ ငါးဖမ်းရာသီ မေလနှင့် ဇွန်လ နှစ်လတာပိတ်ထားချိန်၌ အအေးခန်းစက်ရုံများတွင် သိုလှောင် ထားရှိသည့် တိုက်ဂါးပုစွန်များ ပြည်ပမှ မှာကြားမှုအပေါ် မူတည်၍တင်ပို့လေ့ရှိပြီး ငါးဖမ်းရာသီ ပိတ်သိမ်းချိန်၌ ပုစွန်ပို့ကုန်မှဈေးကောင်းရလေ့ ရှိကြောင်း သိရသည်။
ရေထွက်ကုန်များ ပြည်ပသို့တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ နှစ်တွင် ပုစွန် ၉၁၄၆ ဒသမ ၆၁၅ မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ မြန်မာ့ပင်လယ် ပြင်မှ ဖမ်းဆီးရရှိသည့် ဝှိုက်ပုစွန်၊ ပင့်ပုစွန်နှင့် ရွှေလီပုစွန်တို့ကိုလည်း ပြည်ပသို့တင်ပို့လေ့ရှိပြီး အရသာကောင်းမွန်သော အနီရောင်တိုက်ဂါး ပုစွန်များကို ပြည်ပနိုင်ငံများနှစ်ခြိုက်ကြ၍ ဈေးကောင်းရသော ရေထွက်ကုန် တစ်ခုအဖြစ် ရေငန်ပုစွန် ဈေးကွက်၌ နေရာရလျက်ရှိကြောင်း သိရသည်။
(DOCA) ဧရာဝတီ
