တောင်ငူခရိုင်အတွင်းရှိ ဆောင်းမြေပဲ စိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆီထွက် သီးနှံဖြစ်သော ဆောင်းမြေပဲကို ဒိုးသောင်းကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ၊ သရက်တောကျေးရွာ၊ ရွှေတံတားကျေးရွာများတွင် စိုက်ပျိုးထားလျက်ရှိပါသည်။ ဆောင်းမြေပဲကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြကာ ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင်စတင် ထွက်ရှိမှာဖြစ်ပြီး စိုက်ပျိုးချိန်မှ နှုတ်/ရိတ်/ခြွေပြီးသည့်အထိ စုစုပေါင်း ရက်ပေါင်း ၉၀ မှ ၁၀၀ အထိ ကြာမြင့်သည်ဟု သိရှိရသည်။

    တောင်ငူခရိုင်အတွင်းရှိ စိုက်ပျိုးထားသော ဆောင်းမြေပဲမျိုးသည် စွန်တာနီအမည်ရှိသော မြေပဲမျိုးကို နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး၊တပ်ကုန်းဘက်မှ ဝယ်ယူစိုက်ပျိုးထားခြင်း ဖြစ်သည်။ ဆောင်းမြေပဲ (၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် မြေပဲအခွံဖြင့်(၁၁)တင်းခန့်ဝယ်ယူရပြီး နေလှန်းကာ လက်(သို့မဟုတ်) စက်ဖြင့် မြေပဲဆံရရှိအောင် ကြိတ်ခွဲရပါသည်။ မြေပဲအခွံဖြင့် ၁တင်းလျှင်  မြေပဲဆံ ၄ပြည်နှင့်၄လုံးခန့် ရရှိသည့် အတွက် (၁)ဧကလျှင် မြေပဲဆံပြည် ၄၀ မှ ၄၄ပြည် ဝန်းကျင်ခန့် စိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင့် မြေပဲအခွံဖြင့် (၁)တင်းလျှင် ၆၀၀၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် ထွန်းကြောင်းဆွဲ၊ အစေ့ကျစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မစိုက်ပျိုးခင် မျိုး/ မြေပဲဆံကြိတ်ခွဲခ/လုပ်သားခ/ထွတ်ယက်ခအပါအဝင် (၉)သိန်းဝန်းကျင်၊ စိုက်ပျိုးပြီးချိန် တွင် ပိုးသတ်ဆေး/မှိုသတ်ဆေး/ပေါင်းသတ်ဆေး/နှုတ်/ရိတ်/ခြွေသည်အထိ (၅)သိန်းဝန်းကျင်ခန့်ကုန်ကျသည့်အတွက် စုစုပေါင်း(၁)ဧကကုန်ကျစရိတ်မှာ (၁၄)သိန်းဝန်းကျင်ခန့်ကုန်ကျပြီး ယခင်နှစ်တွင် ဆောင်း မြေပဲထွက်ရှိမှုအနေဖြင့် (၁)ဧကလျှင် မြေပဲခွံဖြင့် တင်း ၈၀ မှ ၁၀၀ အထိထွက်ရှိခဲ့ပြီး၊ ထွက်ပေါ်ချိန်တွင် မြေပဲ ခွံဖြင့် (၁)တင်းလျှင် ၃၇၀၀၀ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။

     ဆောင်းမြေပဲများထွက်ပေါ်ချိန်တွင် မြေပဲစိုက်ပျိုးသူများက မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချခြင်း၊ လုံးဆံခွဲ၍ရောင်းချခြင်း ပွဲရုံများမှတစ်ဆင့်ကြိတ်ခွဲ၍ မြေပဲဆီ အဖြစ်သော်လည်းကောင်း၊ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြောင်း ဆောင်းမြေပဲ စိုက်ပျိုးသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(ပဲခူး)