ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်(၉:၃၀) အချိန်နှင့် နေ့လည်(၁၃:၃၀)အချိန်တို့ တွင် ကော့သောင်းမြို့ အ.လ.က(၃)ရွှေဟင်္သာကျောင်းနှင့် မူလွန် အောင်သုခကျောင်းတို့တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသီတာ က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆေးဖက်ဝင်အပင်များအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သောရောဂါများအကြောင်းကို အကျယ်တဝင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အ.လ.က(၃)ရွှေဟင်္သာကျောင်းနှင့် မူလွန်အောင်သုခ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအား စစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)