ဆိပ်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတလျှောက် ကိုင်းကျွန်းမြေများတွင် မိုးစိုက်(ဥစိုက် ) ကြက်သွန်နီများ လှိုင်လှိုင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေပြုပြီးနေထိုင်သော နိုင်ငံဖြစ်ပြီး လူဦးရေ၏ ၈၀% သည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုး၍ နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊  ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးကြသည်။  သီးနှံများထဲမှ ကြက်သွန်နီ သီးနှံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွက် တဖက်တလမ်းမှ နိုင်ငံ့စီးပွားရေးကို အထောက် အပံ့ ဖြစ်စေသည်။ ဒေသတွင်း ကုန်စည်စီးဆင်းမှုအတွက်သာမကဘဲ ပြည်ပပို့ကုန်အဖြစ် အများဆုံး ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသော သီးနှံတစ်မျိုးဖြစ်သည်။

          ကြက်သွန်နီသည် လူတိုင်းနေ့စဉ်စားသုံးနေသော အစားအစာတို့တွင် မပါမပြီး အလွန်အရေး ပါသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပြီး ဟင်းလျာများကို အနံ့အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် စားသုံးသူပြည်သူများအတွက်သာ ဆေးဖက်ဝင်သီးနှံမဟုတ်ဘဲ တိရိစ္ဆာန်များ အတွက်လည်း ဆေးဖက်ဝင်သီးနှံဖြစ်သည်။ ကြက်သွန်နီသည် သာမန်စားသုံးရသည့် ဥ မဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်သော ဆေးဖက်ဝင် ကြက်သွန်နီဥ ဖြစ်ပါသည်။ ကြက်သွန်နီကို စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ ကျောက်ဆည်၊ ရွှေဘို စသည့်ဒေသများတွင် အဓိကအများဆုံး စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

          မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် နှစ်စဉ် ကြက်သွန်နီ အပါအဝင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ဒေသစီးပွားရေးအဖြစ် ကြက်သွန်နီကို အဓိကထား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက် နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးသည်။ စိုက်ပျိုးရာတွင် အစေ့ပက်၊ ပျိုးထောင် စိုက်ပျိုးခြင်းနှင့် မျိုးဥလေးများ မြေပြင်ချ၍ မိုးရာသီ (ဥစိုက်)စိုက်ပျိုးနည်း(၂)မျိုးဖြင့် စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် ဧရာဝတီမြစ်ရိုးတစ်လျှောက် ကိုင်းကျွန်းမြေမာများတွင် အဓိကစိုက်ပျိုးပြီး ဒေသထွက် ရွှေဖလားထိပ်မောက်၊ ဇော်မွှားမျိုးနှင့် ကြမ်းကျွန်မျိုးများကို စိုက်ပျိုးကြသည်။ ဆိပ်ဖြူ မြို့နယ်တွင် နှစ်စဉ် ကြက်သွန်နီ ဆောင်းစိုက်၊ မိုးစိုက် ဧကပေါင်း ပျမ်းမျှ(၆၀၀၀)ခန့် စိုက်ပျိုး ကြောင်း သိရှိရပါသည်။ သိုလှောင်ထားရှိရာတွင် အထားခံသော ပင်စိုက်ကြက်သွန်နီကို  အများဆုံး စိုက်ပျိုးပြီး မိုးစိုက်(ဥစိုက်)ကို လျော့နည်း၍ စိုက်ပျိုးကြသည်။ နှစ်စဉ် မိုးစိုက် (ဥစိုက်) ဧက (၁၀၀၀) ခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။

မိုးစိုက်(ဥစိုက်)ကြက်သွန်နီများကို ဧရာဝတီမြစ် ရိုးတစ်လျှောက်ရှိ ဆိပ်ဖြူမြို့ပေါ်(၄)ရပ်ကွက် နှင့် ကိုးထောင့်အုပ်စု၊ အောက်ဆိပ်အုပ်စု၊ ချင်းတောင်အုပ်စု၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိကျေးရွာများတွင် အဓိကစိုက်ပျိုးသည်။ ယခုနှစ် မိုးစိုက်(ဥစိုက်)ကြက်သွန်နီများ စိုက်ပျိုးချိန်တွင် စိုက်ပျိုးရန် အတွက် ကြက်သွန်နီ မျိုးဥဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် စိုက်ခင်းထွက်မျိုးဥရှိ တောင်သူများ နှင့် မြို့ပေါ်ရှိ ကြက်သွန်နီ ကုန်သည်ပွဲစားများသာ စိုက်ပျိုးခြင်းဖြစ်၍ ယခုအချိန်တွင် ကြက်သွန်နီ ဈေးနှုန်း ဈေးကွက် မြင့်တက်သော်လည်း ရင်းနှီးမတည် စိုက်ထုတ်ငွေ များခြင်းကြောင့် စိုက်ဧက (၁၀၀၀)ခန့်သာ စိုက်ပျိုးကြောင်း ဒေသခံတောင်သူများ ပြောကြားခြင်းဖြစ်သည်။ (ဥစိုက်) ကြက် သွန်နီများကို စက်တင်ဘာလမှ နိုဝင်ဘာလဆန်းအထိ စိုက်ပျိုးကြသည်။ ယခုနှစ်တွင် မိုးအဆက် မပြတ်ရွာသွန်းခြင်းကြောင့် စိုက်ပျိုးချိန် ယခင်နှစ်ထက် နောက်ကျသွားကြောင်း၊ မိုးစိုက် (ဥစိုက်)များကို စိုက်ပျိုးရာတွင် မြေပြုပြင်၍ အကန့်ဖော် ဘောင်တင်ပြီး ရေသွင်းရေဖြန်းစနစ်ဖြင့် တောင်သူအများ စိုက်ပျိုးကြောင်း သိရှိရသည်။

           စိုက်ပျိုးရာတွင် မိုးစိုက်(ဥစိုက်)(၁)ဧကတွင် ကြမ်းကျွန်မျိုးဥစိုက်ပျိုးလျှင် ပိဿာ(၄၅၀)၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ဇော်မွှားမျိုး စိုက်ပျိုးလျှင် (၁)ဧက ပျမ်းမျှ ပိဿာ(၂၅၀)၊ (၁)ပိဿာ(၄၅၀၀)ကျပ်ဈေးနှုန်းဖြင့် စိုက်ပျိုးရ၍ မျိုးဥဝယ်ယူစရိတ်(၁)ဧက ကျပ် (၁၂) သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်စိုက်ပျိုးခဲ့ရာတွင် ကြမ်းကျွန်မျိုးဥ(၁)ပိဿာ (၅၀၀/၆၀၀) ကျပ်၊ ဇော်မွှားမျိုးဥ(၁)ပိဿာ(၁၂၀၀/၁၃၀၀)ကျပ် ဝယ်ယူရ၍ မျိုးဥဝယ်ယူစရိတ် (၁)ဧက ကျပ်(၃) သိန်း ခန့် ကုန်ကျကြောင်း၊ ယခုနှစ် မိုးကြက်သွန်နီ (ဥစိုက်)များစိုက်ပျိုးရာတွင် ရင်းနှီးမတည် စိုက်ထုတ်ငွေ ယခင်နှစ်ထက်များပြားကြောင်း တောင်သူမှ ပြောကြားပါသည်။

          မိုးစိုက်(ဥစိုက်) ကြက်သွန်နီ စိုက်ပျိုးထွက်ရှိမှုအနေဖြင့် ရာသီဥတုကောင်းမွန်ပြီး သီးနှံဖျက်ပိုး အန္တရာယ်ကျရောက်ခြင်းမှ နည်းပါးမည်ဆိုလျှင် (၁)ဧကပျမ်းမျှပိသာ(၃၅၀၀မှ ၄၀၀၀)ခန့် ထွက်ရှိ သည်။ ကြက်သွန်နီစိုက်တောင်သူများမှာ တစ်ဦးချင်း ရင်းနှီးစိုက်ထုတ် မတည်ငွေနှင့် သွင်းအားစု အမျိုးမျိုးသုံးစွဲပုံ မတူညီခြင်းကြောင့် အထွက်နှုန်းပိဿာများမှာလည်း ကွာခြားမှုရှိကြသည်။ ယခင် နှစ်က စိုက်ပျိုးခဲ့ရာတွင် (၁)ဧကပျမ်းမျှပိဿာ(၃၇၀၀)ခန့်ထွက်ရှိပြီး မိုးစိုက်ကြက်သွန်နီအသစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် ပျမ်းမျှ(၁)ပိဿာ(၅၅၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ (၁)ဧက ကျပ် (၅)သိန်းခန့် အကျိုးအမြတ်ရရှိသည်။ ယခုအချိန်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ထိပ်စအမြင့်ဈေး (၃၆၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးကွက်ခိုင်မာလျက်ရှိခြင်းကြောင့် ဒီဇင်ဘာလတွင် ကြက်သွန်နီ(အသစ်)များ လှိုင်လှိုင်ရောင်းချချိန်တွင် အနိမ့်ဆုံးဈေး(၁)ပိဿာ(၂၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပါက ပျမ်းမျှ(၁)ဧကပိဿာ(၃၇၀၀)ခန့် ထွက်ရှိပါက ကျပ်သိန်း(၇၀)ခန့် ရရှိပြီး သိန်း(၅၀)ခန့် အကျိုးအမြတ်ရရှိမည်ဟု ဒေသခံတောင်သူမှ ပြောကြားပါသည်။ ယခုနှစ် ကြက်သွန်နီ မိုးစိုက်(ဥစိုက်)စိုက်ပျိုးရာတွင် (၁)ဧက ကုန်ကျစရိတ်မှာ ယခင်နှစ် စိုက်ပျိုးခဲ့ရာတွင် ကျပ် (၁၆)သိန်း ခန့် ကုန်ကျခဲ့ကြောင်း၊ ယခုနှစ်တွင် မျိုးဥဝယ်ယူခ ဈေးနှုန်းကြီးမြင့်ခြင်း၊ မြေပြုပြင်ခ၊ အလုပ်သမား ငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုး ဝယ်ယူခ၊ ရေသွင်းရေဖြန်းရန်အတွက် စက်သုံးဆီစရိတ် ဝယ်ယူခ စရိတ်များ ယခင်နှစ်ထက် ဈေးနှုန်းများ အဆမတန်ကြီးမြင့်ခြင်းကြောင့် (၁)ဧကလျှင် ကျပ်သိန်း(၂၀ မှ ၂၅ ထိ) ကုန်ကျမည်ဖြစ်ကြောင်း ဒေသခံတောင်သူများပြောကြားချက်အရ သိရှိရပါသည်။ ယခုနှစ် တွင် မိုးစိုက်(ဥစိုက်)ဧက(၁၀၀၀)ခန့် စိုက်ပျိုး၍ (၁)ဧကပျမ်းမျှပိဿာ(၃၇၀၀)ခန့် ထွက်ရှိမည် ဆိုလျှင် ကြက်သွန်နီ(၁)ပိဿာ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၇၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

          ဆိပ်ဖြူမြို့နယ်တွင် စားဖိုဆောင်သီးနှံကြက်သွန်နီ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ်စိုက်ပျိုးရာ တွင် ယခင်(၂)နှစ်က ဈေးနှုန်းဈေးကွက်မခိုင်မာခြင်းကြောင့် တောင်သူများ အရှုံးပေါ်မှုများဖြစ်၍ ကြက်သွန်နီ စိုက်ဧကလျော့နည်းသွားသော်လည်း ယခုနှစ်တွင် ဩဂုတ်လမှစ၍ ပြည်တွင်း ကြက်သွန်နီဈေးကွက်သို့ ပြည်ပဝယ်လက်များအဝယ်လိုက်လာ၍ ဈေးနှုန်းဈေးကွက်ကောင်း ရရှိနေ ခြင်းကြောင့် မိုးရာသီ (ဥစိုက်)များ လှိုင်လှိုင်စိုက်ပျိုးပြီးသည့်အပြင် ဒီဇင်ဘာလတွင် ကြက်သွန်နီ ဥစိုက်(မျိုးစေ့အနှံယူ)စိုက်ခင်း၊ အစေ့ကြဲပက် (မျိုးဥယူ)စိုက်ခင်းများ စိုက်ပျိုရန်နှင့် ဧရာဝတီမြစ် ဆုံရာ ယောချောင်းနှင့် ချစ်ချောင်း၊ ဆူးလေကုန်းချောင်းနံဘေးရှိ သဲနုန်းမြေများတွင် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ဆောင်းစိုက် (ပင်စိုက်)များ စိုက်ပျိုးရန်နှင့် (မျိုးစေ့ပက်) ပျိုးခုံများ ပြုလုပ် ရန် မြေပြုပြင်လျက်ရှိကြောင်း သိရှိရပါသည်။

          ကြက်သွန်နီသည် နိုင်ငံတော်အတွက် ပြည်ပဝင်ငွေများစွာရရှိပြီး နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် အထောက်အပံ့ဖြစ်စေသော အဓိကသီးနှံဖြစ် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း၏ ၆၀%မှာ ကြက်သွန်နီရောင်းဝယ် ရေးလုပ်ငန်းဖြစ်၍ နိုင်ငံတော်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်သည်။ နိုင်ငံတော်အစိုးရမှ အရည်အသွေးကောင်းမွန်ပြီး အထားခံသော ကြက်သွန်နီများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်၍ ဈေးကွက်ခိုင်မာမှုရရှိ ပါက ဒေသခံတောင်သူများမှလည်း နှစ်စဉ်မပြတ် ကြက်သွန်နီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခြင်း ဖြင့် ကျေးလက်နေပြည်သူများ၊ ကြက်သွန်နီကုန်သည်ပွဲစားများ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိ သည့်အပြင် ပြည်တွင်းပြည်ပ ကုန်သွယ်မှုလုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်၍ နိုင်ငံ့စီးပွားရေး ကို ပိုမိုမြှင့်တင်လာနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)