ဖျာပုံမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသော မုန့်မျိုးစုံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး၊ စားသုံးသူများ ဘေးဉပဒ် အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်လုပ်သူများ ပိုမိုအကျိုးစီးပွားဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ နိုဝင်ဘာလ(၁၁)ရက်နေ့က အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော ရွှေဒေါင်းမင်း အလုပ်ရုံသို့ ကွင်းဆင်းခဲ့ကြသည်။
အဆိုပါအလုပ်ရုံတွင် ထုတ်လုပ်နေသော ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်၊ ကွတ်ကီးမုန့်များ၏ ဈေးနှုန်း ဈေးကွက်နှင့်ဖြန့်ဖြူးမှု အခြေအနေများ၊ တစ်နေ့ထုတ်လုပ်နိုင်မှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေများ၊ မုန့်မွှေစက်၊မုန့်ဖုတ်စက်၊ ထုပ်ပိုးမှုစက်များ၏ ရင်းနှီးမြုပ်နှံမှုနှင့်သယ်ယူပို့ဆောင်ခ၊ အလုပ်သမားခစရိတ်များနှင့် တွက်ခြေကိုက်မှု ရှိ/မရှိမေးမြန်းရာ ကွတ်ကီးမုန့်တစ်မျိုး တစ်နေ့ထုတ် လုပ်နိုင်မှုအနေဖြင့် အထုပ်ရေ (၃၀) ထုတ်လုပ်နိုင်ပြီး တစ်လလျှင် (၉၀၀)ထုပ် ထုတ်လုပ်နိုင်ကာ ကွတ်ကီးမုန့်တစ်ထုပ်လျှင် အသားတင်ကုန်ကျစရိတ်မှာ (၁၄၀၂)ကျပ်၊ တစ်ထုပ်ပြန်ရောင်းဈေး(၂၃၀၀)ကျပ် ရရှိပါသည်။ သယ်ပို့ခ၊ တံဆိပ်ရိုက်ပြီး စက္ကူအိတ်ခ၊ မီးခ ၊ စုစုပေါင်းကုန်ကျစရိတ် ( ၉၈ ) ကျပ်ဖြစ်သည်။ အလုပ်သမားခ အနေဖြင့် မိသားစုများဝိုင်းဝန်း လုပ်ကိုင်သဖြင့် ကုန်ကျစရိတ်မရှိ၍ ထုတ်လုပ်သူ၏ အကျိုးအမြတ် အနေဖြင့် ကုန်ကြမ်းပစ္စည်းတန်ဖိုးနှင့်အခြားကုန်စရိတ်များ အနုတ်အသိမ်းပြုလုပ်လျှင် ထုတ်လုပ်သူအတွက် ကွတ်ကီးမုန့် တစ်ထုပ်လျှင် ( ၈၀၀ )ကျပ်၊ အမြတ်ရှိပြီးတစ်နေ့ အထုပ်( ၃၀ ) ထုတ်လုပ်နိုင်သဖြင့် တစ်နေ့တာ ထုပ်လုပ်မှုအတွက် လုပ်ငန်းရှင်အနေဖြင့် အကျိုးအမြတ် ( ၂၄၀၀၀ ) ကျပ်ခန့် ရရှိ၍ တစ်လ ( ၉၀၀ ) ထုပ်ပုံမှန် ထုတ်လုပ်နိုင်ကာတစ်လအမြတ်မှာ ( ၇၂၀၀၀၀ ) ကျပ်ရရှိကြောင်း လုပ်ငန်းရှင် ဦးစည်သူစိုးထံမှ သိရှိရပါသည်။
စီးပွားရေးဈေးကွက်သဘောအရ ဈေးကွက်ဝယ်လိုအားအနေဖြင့် လစဉ်ပုံမှန်ထုတ်လုပ် တင်ပို့ ဖြန့်ဖြူးနိုင်ခဲ့သော်လည်း ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များသို့ ဈေးကွက်ချဲ့ထွင်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ထုတ်လုပ်သောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပြည့်စုံစွာ ဖော်ပြသွားရန်နှင့် စားသုံးသူများ ဘေးဥပဒ်အန္တရာယ်ကင်းစေရေး၊ ထုတ်လုပ်မှုဖြစ်စဉ်အား ဈေးကွက်မရောက်မီဈေး ကွက်ရောက်ပြီး အခြေအနေများအား ဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး စားသုံးသူများ လက်ခံ လာနိုင်အောင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆွေးနွေးခဲ့ သည်ဟု သိရသည်။
DOCA(ဧရာဝတီ)