ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့မှ “ အဝေရာ ” နှစ်ပြန်ကြော်နှင့် ပဲကြော်လုပ်ငန်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၁၅.၁.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့ရှိ “ အဝေရာ ” နှစ်ပြန်ကြော်နှင့် ပဲကြော်လုပ်ငန်းအား သွားရောက်ကွင်းဆင်း သတင်းရယူခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် “ အဝေရာ ” ပိုင်ရှင်ဖြစ်သူ ဦးနေမျိုးလင်းအား နှစ်ပြန်ကြော်လုပ်ငန်း လုပ်ကိုင်ပုံအဆင့်ဆင့်တို့ကို မေးမြန်းခဲ့ပါသည်။ နှစ်ပြန် ကြော်လုပ်ငန်းတွင် ကုန်ကြမ်းများအနေဖြင့် မြေပဲ၊ ပဲကြီး၊ ကုလားပဲ၊ စတော်ပဲ၊ နှမ်း၊ ပီလောပီနံမှုန့်၊ ဆား တို့ပါဝင်ကြောင်း သိရှိရပါသည်။ ရှေးဦးစွာ ကုန်ကြမ်းများဖြစ်သည့် မြေပဲ၊ နှမ်း၊ ကုလားပဲ၊ စတော်ပဲ၊ ပဲကြီးတို့ကို မန္တလေး၊ မြင်းခြံတို့မှ အရောက်ပို့စနစ်ဖြင့် ကိုယ်တိုင်ကားခကျခံကာ ဝယ်ယူရကြောင်း၊ ပဲကြီး တစ်ပိဿာလျှင် (၁၅၀၀၀) ခန့်ရှိကြောင်း၊ ကုလားပဲ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်ရှိကာ စတော်ပဲ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့်ရှိကြောင်း၊ မြေပဲ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်ခန့်နှင့် ပီလောပီနံ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။ မြင်းခြံ၊ ကျောက်ပန်းတောင်းတို့မှလည်း အချိန် (၃၀) ပိဿာပါ တစ်အိတ်ချင်းစီဝယ်ယူရကြောင်း သိရှိရပါသည်။ ထို့နောက် ထုတ်လုပ်ပုံ အဆင့်ဆင့်အနေဖြင့် ပဲစိမ်းများကို အခွံချွတ်ကာ ၈/ ၉ နာရီခန့် ရေစိမ်ရကြောင်း၊ ပြီးနောက် ဆီထည့်ကာကြော်ရကြောင်း၊ လူငါးယောက်ဖြင့်ကြော်ရကာ လှော်ပြီးသားနှမ်း၊ ပီလောပီနံမှုန့်၊ ဆားတို့ကိုလည်း အချိုးကျထည့်မွှေရကြောင်း၊ တစ်ရက်လျှင် နှစ်ပြန်ကြော် ပိဿာ (၃၀)ပါ ၄/ ၅ အိတ်ခန့် ရောင်းချရပြီး ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်း၊ ဒိုက်ဦး၊ ပိန်းဇလုပ်တို့သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ လုပ်သားခအနေဖြင့် တစ်လ စရိတ်ငြိမ်း သုံးသိန်းခွဲပေးရကာ လောင်စာနှင့် ဆီများလိုအပ်ချက်ရှိနေကြောင်း၊ စားသုံးဆီအနေဖြင့် တစ်လလျှင် ပေပါ (၂၀) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အတွင်း၌ နှစ်ပြန်ကြော်စုံ တစ်ပိဿာကို (၁၃၇၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်လလျှင် နှစ်ပြန်ကြော် ပိဿာ (၃၀) ပါ အိတ် (၄၀) ခန့် ရောင်းချရကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)