တန်ဖိုးမြင့်ထုတ်လုပ်ရန်တိုက်တွန်းခြင်းခံရသည့် ထိုင်းနိုင်ငံသကြားလုပ်ငန်း

Powered by Drupal

         ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (TPSO) သည်သကြားလုပ်ငန်းရှင်များအား တန်ဖိုးမြှင့်ဗျုဟာများသို့ လှည့်ပြောင်းပြီး ဇီဝစီးပွားရေး (bio-economy) ကို အခြေခံသည့် ထုတ်လုပ်မှုများကို မြှင့်တင်ရန် တိုက်တွန်းလိုက်ကြောင်း သိရပါသည်။ ထို့အပြင် ယခုနှစ်နှောင်းပိုင်းတွင် သကြားထုတ်လုပ်မှုလွန်ကဲမှု ဖြစ်နိုင်ကြောင်းလည်း သတိပေးထားသည် ဟု  သိရပါသည်။ TPSO ညွှန်ကြားရေးမှူးချုပ် Nantapong Chiralerspong က ထိုင်းနိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာစျေးကွက်တွင် ကြံနှင့် သကြားထုတ်လုပ်မှုမြင့်တက်လာခြင်းနှင့်အတူ အင်ဒိုနီးရှား ၏ ကိုယ်ပိုင်ဖူလုံရေးမူဝါဒကြောင့် လုပ်ငန်းနယ်ပယ်အနေဖြင့် ကြိုတင်ပြင်ဆင်ကာ အပြောင်းအလဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက သကြားလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်မှုကိုစျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရေးစီမံခန့်ခွဲရန်၊ တင်ပို့ရန်စျေးကွက် အသစ်များရှာဖွေရန်နှင့် ဇီဝစွမ်းအင်နှင့် ဇီဝထုတ်ကုန်များကို အဓိကထားသော တန်ဖိုးမြှင့်လုပ်ငန်းများသို့ လျင်မြန်စွာပြောင်းလဲရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဥပမာအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဇီဝလောင်စာ ထုတ်လုပ်မှု တိုးချဲ့ခြင်း၊ bagasse ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြင့် ကုန်ကျစရိတ်လျှော့ချခြင်းနှင့် သန့်စင်သောစွမ်းအင်မူဝါဒများနှင့် ကိုက်ညီစေခြင်း၊ ထို့အပြင် bioplastics နှင့် တည်တံ့ ခိုင်မြဲသောထုပ်ပိုးပစ္စည်းများကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်ခြင်းတို့ ပါဝင် ကြောင်း သိရပါသည်။ ထုတ်လုပ်ရေးလုပ်ငန်းကြီးများမှ အီသနောထုတ်လုပ်မှု တိုးမြှင့်ပါက သကြားဈေးနှုန်း တိုးတက်လာနိုင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ ၂၀၂၅-၂၀၂၆ ကြံအထွက်နှုန်းမှာ မိုးရေကောင်းမွန်မှုကြောင့် တိုးတက်မည်ဟု ခန့်မှန်းထားပြီး စုစုပေါင်း ကြံ ကြိတ်ခွဲထုတ်လုပ်မှုမှာ တန်ချိန် ၉၈ သန်းအထိ ရောက်ရှိနိုင်ကာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဘရာဇီးနောက်တွင် ကမ္ဘာပေါ်၌ ဒုတိယအကြီးဆုံးသကြားတင်ပို့သူဖြစ်ခဲ့ပြီး တန်ချိန် ၅.၅ သန်းကို အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံကျော်တန်ဖိုးဖြင့် တင်ပို့ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၁၅ သန်းရှိပြီး စုစုပေါင်းတင်ပို့မှု၏ ၂၇ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း သိရပါသည်။ အခြား အဓိက စျေးကွက်များမှာ ကမ္ဘောဒီးယား၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်တို့ ဖြစ်ကြောင်း သိရပါသည်။ Mr Nantapong က အင်ဒိုနီးရှားသည် ကိုယ်ပိုင်ဖူလုံရေး မူဝါဒသို့ ပြောင်းလဲနေသဖြင့် ထိုင်းသကြားထုတ်လုပ်သူများအနေဖြင့် ပို့ကုန်စျေးကွက်များကို မျိုးစုံကွဲပြားရန်လိုအပ်ကြောင်းနှင့် အင်ဒိုနီးရှားက တင်သွင်းမှုလျှော့ချပါက ပြည်တွင်းကြံဈေးနှုန်း ကျဆင်း စေနိုင်ပြီး စိုက်ပျိုးရေးသမားဝင်ငွေနှင့် တင်ပို့မှုစွမ်းဆောင်ရည်အပေါ် သက်ရောက် မှုရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ TPSO အဆိုအရ ယခုနှစ်နှောင်းပိုင်းတွင် ပြည်တွင်း သကြားထုတ်လုပ်မှု လွန်ကဲမှုနှင့် အင်ဒိုနီးရှားမှ ဝယ်လိုအား လျော့နည်းမှုတို့သည် အန္တရာယ်အဖြစ် ရှိနိုင်ကြောင်း သိရပါသည်။ ထို့အပြင် အိန္ဒိယနှင့် ဘရာဇီးကဲ့သို့ အဓိကထုတ်လုပ်သူနိုင်ငံများ၏ ထုတ်လုပ်မှု မြင့်တက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ သကြားဈေးနှုန်းများ ကျဆင်းနိုင်ကြောင်းလည်း ခန့်မှန်းထား ကြပါသည်။ သို့သော်ဈေးနှုန်း ဖိအားများရှိနေသော်လည်း အခြေအနေသည်ကြီးမားသော ပြဿနာ တစ်ခုအဖြစ်သို့ မရောက်နိုင်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ ပြည်တွင်းထုတ်လုပ်မှုသည် သုံးစွဲမှုထက် နည်းနေမည်ဖြစ်ပြီး တင်သွင်းခွင့်များကို စည်းမျဉ်းများအရ ဆက်လက်ခွင့်ပြုနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ထို့အပြင် အာရှဒေသရှိ အစားအစာနှင့် အဖျော်ယမကာကဏ္ဍမှ လိုအပ်ချက်များလည်း ဆက်လက်အားကောင်းနေကြောင်း သိရပါသည်။ Grand View Research သုတေသနအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာလုံးဆိုင်ရာ သကြားစျေးကွက်သည် ၂၀၃၀ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ ၆.၅ ရာခိုင်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် သကြားအများဆုံး တင်သွင်းသည့်နိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ ဖြစ်ကြောင်း သိရပါသည်။ စျေးကွက်အပေါ် မီခိုမှုအန္တရာယ် လျော့နည်းစေရန် ထိုင်းနိုင်ငံအနေဖြင့် အရှေ့အာရှနှင့် အလယ်အာရှဒေသများသို့ ပို့ကုန်စျေးကွက်များ ချဲ့ထွင်ရန်စဉ်းစားသင့်ကြောင်း TPSO က အကြံပြုထားပါသည်။ ထို့အပြင် တင်ပို့မှုအတွက် အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ခြေရာခံနိုင်မှုစနစ်ကို ထိန်းသိမ်းထားရန်မှာလည်း အရေးကြီးကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)