ပခုက္ကူမြို့နယ်၌ မြစ်ရေဝင်ကျွန်းရွာများတွင် ဗူးပင်စိုက်ပျိုးခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိ

Powered by Drupal

 

          ဗူးပင်မှရရှိသော ဗူးသီး၊ ဗူးရွက်များသည် မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံ များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သည်။ ဗူးပင်သည် ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်‌လျောက်ရှိ ကျွန်းရွာများဖြစ်သော ကျွန်းညိုကြီး၊ ကံလှ၊ သံပုရာပင်ကုန်း၊တင်းဂတ်၊ နန်းတော်ရပ်အုပ်စုတွင်းရှိ ကျေးရွာများတွင် ကုန်စိမ်းသီးနှံစိုက်ခင်းများ ရာသီအလိုက်စိုက်ပျိုး၍ စီးပွားဖြစ်လုပ်ကိုင်ကြရာတွင် ဗူးပင်စိုက်ခင်းများ ကိုလည်း သီးသန့်မြေကွက် အပြင် ဥယျာဉ်ခြံမြေများနှင့် ကြက်သွန်ခင်း၊ မြေပဲ၊ ပဲမျိုးစုံစိုက်ခင်းများတွင် ကြားညှပ်၍ မိသားစု တစ်ပိုင် တစ်နိုင်စိုက်ပျိုးခြင်းအပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။

          ဗူးပင်စိုက်ပျိုးရာတွင် မျိုးစေ့အနေဖြင့်ယခင်နှစ်ကစိုက်ခင်းထွက် မျိုးကောင်းမျိုးသန့် ဗူးသီးအလုံး ကြီးမှရရှိသော မျိုးစေ့နှင့် ထိုင်ဝမ်မျိုးစေ့ထုပ်ဝယ်ယူ၍ စိုက်ပျိုးကြသည်။ အစိမ်းနုရောင် ဗူးသီး(ဗြောင်) နှင့် အစိမ်းရင့်ရောင် အဖြူကြားဗူးသီးမျိုးကို စိုက်ပျိုးကြသည်။ ဘောင်တင်၍ ကျင်းတူးစိုက်ပျိုးခြင်းနှင့် ထယ်ကြောင်းနောက် အစေ့ချစိုက်ပျိုးခြင်း()မျိုးဖြင့် စိုက်ပျိုးကြသည်။ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုး ခြင်းဖြစ်၍ အထွက်နှုန်းကောင်းမွန်သည်။ မြစ်ရေကျချိန် တော်သလင်း၊ သီတင်းကျွတ်လတွင် စတင် စိုက်ပျိုးပြီး တစ်လအကြာတွင် ဗူးညွန့်များခူး၍ ရောင်းချရပြီး နှစ်လခန့်အကြာတွင် ဗူးသီးများ စတင် သီးကြောင်း၊ ဗူးပင်တစ်ပင်လျှင် ကြီးထွားမှုပေါ်မူတည်ပြီး အသီး(၂၀-၃၀)ထိ သီးကြောင်း ဒေသခံ စိုက်တောင်သူများထံမှ သိရှိရပါသည်။

          ဗူးသီး၊ ဗူးရွက်ဈေးကွက်အနေဖြင့် ယခုနှစ်သီးနှံပေါ်စအချိန်တွင် ဗူးညွန့်တစ်ညွန့်လျှင် ကျပ်(၅၀) ဈေးဖြင့် ဖောက်သည်ပေးသွင်းရပြီး ယခင်နှစ်တွင် တစ်ညွန့်လျှင် ကျပ်(၄၀)ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း၊ ဗူးသီးတစ်လုံးလျှင် အရွယ်အစားလိုက်၍ ကျပ်(၃၀၀-၈၀၀)လက် ကားဈေးဖြင့်   ပေးသွင်းရ ကြောင်း၊ ဗူးသီးသည် နွေရာသီ သီးနှံဖြစ်၍ မေလဆန်းပိုင်းတွင် ဗူးသီးများလှိုင်လှိုင်သီး၍ ဈေးကွက်အနေဖြင့် အနည်းငယ် ဈေးတက်နေကြောင်း၊ ဗူးသီးတစ်လုံး ကျပ်(၅၀၀-၁၀၀၀)ထိ ဖြစ်နေကြောင်း၊ နေ့စဉ် ဗူးညွန့်(၁၀၀) ဗူးသီးအလုံး(၃၀)ခန့် ခူး၍ရောင်းချရကြောင်း၊ ဗူးသီး၊ ဗူးရွက်ကို အခြေခံဟင်းတစ်မျိုး အဖြစ် ချက်ပြုတ်စားသုံးကြသကဲ့သို့ မြန်မာ့ရိုးရာအစားအစာအဖြစ် အကြော်ဆိုင်များတွင် အကြော် ကြော်၍ ရောင်းချလျက်ရှိ၍ ဝယ်ယူစားသုံးမှုများကြောင်း၊ စိုက်ခင်းထွက် ဗူးသီး၊ ဗူးရွက်များကိုပခုက္ကူမြို့ရှိ မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့တွင် လက်ကားဈေး ဖောက်သည်ပေးသွင်းရကြောင်း သိရှိရပါသည်။

          ဗူးပင်စိုက်ပျိုးခြင်းဖြင့် ဗူးရွက်ရောင်းချရ၍ နေ့စဉ်ဝင်ငွေရရှိခြင်းကြောင့် စိုက်တောင်သူများ အနေ ဖြင့် မိသားစုစီးပွားရေး အဆင်ပြေကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ် သက်သာပြီး အလွယ်တကူ ဝင်ငွေရရှိ၍ ဒေသခံတောင်သူများသည် ကုန်စိမ်းသီးနှံစိုက်ပျိုးမှုကို နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)